ခင်သရဖီဦး
ဩဂုတ် ၄ ၊ ၂၀၂၄။
ရခိုင်ပြည်ရှိ မြို့နယ်များတွင် မိုးအဆက်မပြတ်ရွာသွန်း၍ မြစ်ရေများ မြင့်တက်နေသဖြင့် ဒေသခံများ စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် လူအသုံးအဆောင်ပစ္စည်းများအရေးပေါ် လိုအပ်နေသည်ဟု သိရသည်။
ပြီးခဲ့သည့် သြဂုတ် ၂ ရက်နေ့မှစ၍ လေးမြို့မြစ်ရေ မြင့်တက်လာသဖြင့် မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသလို ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင်လည်း မိုးအဆက်မပြတ်ရွာသွန်း၍ ကုလားတန်မြစ်ရေမြင့်တက်ကာ ရေကြီးရေလျှံမှုများဖြစ်နေသည်။
မြောက်ဦးဒေသခံတစ်ဦးက “လေးမြို့မြစ်ရေ မြင့်တက်တာကြောင်း ရေဘေးရှောင်တွေရှိနေပါတယ်။ မြောက်ဦးမှာက ရေကြီးတော့ ရေလွမ်းမှုခံရတဲ့လူတွေက နီးစပ်ရာတွေမှာနေနေကြရတယ်။ သူတို့အတွက် စားနပ်ရိက္ခာတွေကူညီ ထောက်ပံ့မူတွေ လိုအပ်နေတာပါ” ဟု ဆိုသည်။
လက်ရှိတွင် မြောက်ဦးမြို့၊ ကုန်းနိမ့်ရပ်ကွက်များတွင် ရေ ၇ ပေခန့်အထိ မြင့်တက်ခဲ့ပြီး ရေအနည်းငယ်ကျနေပြီး ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ထိုအတူ မင်းပြားမြို့အပါအဝင် ပန်းမြောင်၊ ရွှေတမာ၊ ခွဆုံ၊ ရွှေကျန်၊ ပြင်ယောင်း၊ လက်မကုလားရွာ စသည့်ကျေးရွာများတွင်လည်း ရေလွှမ်းမိုးများဖြစ်ပေါ်နေပြီး စပါးကျီများပါရေနှစ်မြုပ်ကာ ပစ္စည်းဆုံးရှုံးမှုများရှိနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ပန်းမြောင်ဒေသခံတစ်ဦးက “ရေကြီးတာက သြဂုတ်လ ၂ ရက်နေ့ နေ့လယ်ပိုင်းကတည်းက ရေက တရိပ်ရိပ်တက်လာတာ။ ၃ ရက်နေ့ဆိုတာနဲ့ ရေအကုန်ပြည့်တယ်။ စပါးကျီတွေ မြုပ်သွားတယ်။ စပါးဝမ်းစာ သိုလှောင်ထားတဲ့ စပါးတွေ အကုန် နစ်မြုပ်သွားပါတယ်” ဟု ဆိုသည်။
လက်ရှိတွင် ရေအနည်းငယ်ပြန်ကျနေပြီဖြစ်သော်လည်း ဒေသခံများမှာ စားနပ်ရိက္ခာများနှင့် သောက်သုံးရေများ အရေးပေါ်အကူညီလိုအပ်လျက်ရှိနေသည်။
ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်ကာ ရခိုင်ပြည်တွင် မိုးသည်းထန်စွာရွာသွန်းနေခြင်ဖြစ်ပြီး ဂွ၊ သံတွဲနှင့် တောင်ကုတ်မြို့နယ်တို့တွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည်။
တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်ရှိ မြစ်ရေသတိပေးချက် နှင့်ပတ်သက်၍ စစ်ကောင်စီလက်အောက်ခံ မိုး/ဇလဌာနအနေဖြင့် ယခုနှစ်တွင် တစ်စုံတစ်ရာထုတ်ပြန်နိုင်ခြင်းမရှိပေ။
ပုံစာ- မြောက်ဦးရှိ ရပ်ကွက်များ ရေတက်နေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ- သီရိဝင်းလှိုင်ဖေ့စ်ဘွတ်ခ်