သံလွင်ခက်
ဩဂုတ်လ ၃ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တပ်စခန်းဝန်းရှိ စစ်ဆေးရုံတွင် ဒဏ်ရာရတပ်သားများနှင့် ၎င်းတို့၏မိသားဝင်များကို စစ်ကောင်စီက စွန့်ပစ်ထားခဲ့ကြောင်း ကိုးကန့်တပ်-MNDAA က သတင်းထုတ်ပြန်ထားသည်။
အများစုမှာ ပြင်းထန်ဒဏ်ရာရသူများဖြစ်ပြီး အရေအတွက်အားဖြင့် လူဦးရေ ၄၇၀ ကျော်ရှိသည်ဟု ကိုးကန့်တပ်- MNDAA ၏ ထုတ်ပြန်ချက်တွင် တွေ့ရှိရသည်။
“လားရှိုးတိုက်ပွဲမစခင်အချိန်ကတည်းက စစ်တပ်ရဲ့ အကြီးတန်းအရာရှိတွေက သူတို့မိသားစုဝင်တွေကို ရွှေ့ပြောင်းဖို့စီစဉ်တာ၊ အချိန်မီမပြောင်းရသေးတဲ့သူတွေကို ရဟတ်ယာဉ်တွေနဲ့ လာရောက်ခေါ်ဆောင်တာတွေနဲ့ အောက်ခြေစစ်သားတွေနဲ့ မိသားစုဝင်တွေကို အရွှေ့အပြောင်းမလုပ်ဖို့ အမိန့်ထုတ်ထားတယ်လို့ ဒဏ်ရာရသူတွေကတဆင့်သိရတယ်” ဟု MNDAA ၏ ထုတ်ပြန်ချက် ရုပ်သံတွင် ဖော်ပြထားသည်။
အရှေ့မြောက်တိုင်း(ရမခ)စစ်ဌာနချုပ်တွင် တိုင်းမှူးများအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး(စစ်ဆင်ရေးအထူးတပ်ဖွဲ့မှူး)ရာထူးတိုးသွားသော ဗိုလ်ချုပ်နိုင်နိုင်ဦး (ကြည်း – ၂၅၀၈၉) (စတသ – ၃၅)၊ ဗိုလ်ချုပ်စိုးတင့် (ကြည်း – ၂၁၅၉၅) (တေဇ – ၁၆)နှင့် တပ်မ ၉၉တွင် တပ်မှူးဆောင်ရွက်ခဲ့သူ ဗိုလ်မှူးချုပ် စိုးလှိုင် (ကြည်း – ၂၉၁၈၀) (တေဇ – ၂၄)တို့ တာဝန်ယူခဲ့ကြသည်။
MNDAA သိမ်းပိုက်လိုက်သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနစ် အောက်တိုဘာလတွင် ပြုလုပ်သော တပ်မတော်(ကြည်း၊ ရေ၊ လေ)သေနတ်ပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ၁၁ ဆုနှင့် တံခွန်စိုက်ဒိုင်းဆုကို ရရှိခဲ့သော စစ်ဌာနချုပ်တစ်ခုဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်သည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ၅၂ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပြီး တိုင်းစစ်ဌာနချုပ် ၁၄ ခုအနက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ထံ ပထမဦးဆုံးလက်လွှတ်ခဲ့ရသည့် တိုင်းစစ်ဌာနချုပ်တစ်ခု ဖြစ်သည်။
“တပ်ဝန်းထဲမှာ စစ်ကောင်စီတပ်သားတွေနဲ့ မိသားစုဝင်အချို့ရဲ့ အလောင်းတွေတွေရှိနေတာကို ကိုးကန့်တပ်သားတွေသုံးတဲ့ Wechat မှာအများကြီးတွေ့ရတယ်။ စစ်ရှောင်နေရတာဆိုတော့ မပြန်ရဲသေးတော့ မြို့ကမြင်ကွင်းတွေကို စုံစမ်းနေရတုန်းပဲ ” ဟု လားရှိုးမြို့၊ မန်ဆူကားလေးကွင်းအနီးတွင် နေထိုင်သူ မလွင်လွင်က ပြောသည်။
လက်ရှိအချိန်တွင် လားရှိုးမြို့ဒေသခံအားလုံးနီးပါး စစ်ဘေးရှောင်နေရပြီး ကိုးကန့်တပ်များအနေဖြင့် မြို့ရှင်းလင်းရေးကို လုပ်ဆောင်နေကြသည်။
ကိုးကန့်တပ်-MNDAAအနေဖြင့် လူသားချင်းစာနာထောက်ထားမှုနှင့် စစ်သုံ့ပန်းများအား ကောင်းမွန်စွာစောင့်ရှောက် ဆက်ဆံသောမူဝါဒအရ ဒဏ်ရာရရှိသူများနှင့် ၎င်းတို့၏မိသားစုဝင်များကို ဆေးကုသခြင်းနှင့် လုံခြုံသော နေရာသို့ ရွှေ့ပြောင်းထားခြင်းများလုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
MNDAA ၏ ဇူလိုင်လကုန်ပိုင်း အရှေ့မြောက်တိုင်း(ရမခ)စစ်ဌာနချုပ်သိမ်းပိုက်နိုင်ခြင်းထုတ်ပြန်ခဲ့ခြင်းများ အပေါ်ချက်အပေါ် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝါဒဖြန့်မှုတစ်ခုသာဖြစ်သည်ဟု စစ်ကောင်စီလက်ခံအောက် ရုပ်သံများမှ တစ်ဆင့်ပြောဆိုခဲ့သည်။
MNDAA တပ်အနေဖြင့် မြို့တွင်းရှိ စစ်ကောင်စီရုံးစိုက်ရာနေရာအများစုရှေ့တွင် အရပ်ဝတ်ဖြင့် ဝင်လာပြီးနောက် ယူနီဖောင်းလဲကာ ဓာတ်ပုံရိုက်ခဲ့ခြင်းဖြစ်သည် ၎င်းက ပြောဆိုခဲ့သည်။
ဓါတ်ပုံ – တိုင်းမှူးများအဖြစ် တာဝန်ယူခဲ့သော ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ဗိုလ်ချုပ်စိုးတင့်၊ စစ်ဆေးရုံတွင် ချန်ထားခံရသော စစ်သည်များနှင့် မိသားစုဝင်များ(
MNDAA, CINCDS, MOI)