ခင်သရဖီဦး
သြဂုတ် ၄၊ ၂၀၂၄။
ရခိုင်ပြည်၊ ဂွမြို့နယ်မှဒေသခံတစ်ဦး ဩဂုတ် ၂ ရက်က မိုင်းနင်းမိပြီး ခြေတစ်ဖက် ဆုံးရှုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
မိုင်းနင်းမိသူမှာ အသက်(၄၁) နှစ်အရွယ် ဦးကိုကြီးဆိုသူဖြစ်ပြီး ၎င်းနေထိုင်သည့် ပုန်းညက်ရွာမှ မော်ဖျားရွာသို့သွားသည့်လမ်းတွင် မိုင်းနင်းမိပြီ ညာဘက်ခြေထောက်တစ်ချောင်း ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။
“ဦးကိုကြီးက ပုန်းညက်ကနေ မော်ဖျားရွာကိုသွားတာ။ အဲ့ဒါ လမ်းမှာ စစ်တပ်ကထောင်ထားတဲ့ မိုင်းကိုနင်းမိပြီးတော့ ညာဘက်ခြေပြတ်သွားတာ။ အခုလက်ရှိတော့ ဆေးရုံတင်ထားရတယ်” ဟု ဂွဒေသခံတစ်ဦးက ပြောသည်။
လတ်တလောတွင် ဦးကိုကြီးသည် ဂွမြို့နယ်ရှိ ကျိန္တလီမြို့ဆေးရုံတွင် အရေးပေါ်ဆေးကုသမှုခံယူနေသည်။
စစ်တပ်အနေဖြင့် အာရက္ခတပ်တော်- AA ၏ထိုးစစ်ကို ကြောက်ရွံ့သည့်အတွက် ယခုကဲ့သို့ ကျေးရွာများအနီးတဝိုက်တွင် မိုင်းထောင်းထားခြင်းဖြစ်သည်ဟု AA နှင့်နီးစပ်သူတစ်ဦးက ခန့်မှန်းပြောဆိုထားသည်။
“အဲ့ဒီအနားမှာ တိုက်ပွဲဖြစ်တာမရှိဘူး။ စစ်တပ်က အေအေထိုးစစ်ကိုကြောက်ပြီး မိုင်းထောင်ထားတာဗျ” ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်တောင်ပိုင်းမြို့နယ်များဖြစ်သည့် တောင်ကုတ်၊ ဂွ၊ ကျောက်ဖြူ၊ သံတွဲစသည့်မြို့နယ်များတွင် စစ်တပ်၏မြေမြုပ်မိုင်းများကြောင်း ဒေသခံများ မကြာခဏ ထိခိုက်သေဆုံးမှုရှိနေသည်။