ယမင်းဖူးပွင့်အောင်
ဩဂုတ် ၄၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အကျဉ်းထောင်ကို ကိုးကန့်တပ်ဖွဲ့- MNDAA က သိမ်းပိုက်ခဲ့ပြီးနောက် အကျဉ်းချခံထားရသည့် တအာင်းအမျိုးသား ၁၁၈ ဦးကို တအာင်းတပ်မတော်- PSLF/TNLA ထံ လွှဲပြောင်းပေးလိုက်သည်ဟု TNLA က ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
ကိုးကန့်တပ်မတော် MNDAA ဦးဆောင်၍ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့်အတူ လားရှိုးမြို့ရှိစစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားအား ဖယ်ရှားတိုက်ဖျက်ရေး တိုက်ပွဲဆင်နွှဲရာတွင် လားရှိုးအကျဉ်းထောင်အား သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်သည်ဟု ဖော်ပြထားသည်။
ယင်းဖမ်းဆီးခံရသူများအနက် မတရားအသင်းနှင့် ဆက်သွယ်တဲ့ပုဒ်မ ၁၇ (၁) နှင့် တရားစွဲခံရသူ အကျဉ်းသား ၅ ဦး၊ မသင်္ကာမှု ၁၅ ဦး၊ လောင်းကစားမှု ၁ ဦး၊ အရေးပေါ် ထုတ်ပြန်ထားတဲ့ စစ်အုပ်ချုပ်ရေးမာရှယ်လောအမှု ၃ ဦး၊ ရဲပြေးမှုနှင့် လဝကအမှု ၄ ဦး၊ ဓားပြတိုက်မှု ၂ ဦး၊ ရဲစီးမှု ၁ ဦး၊ လူကုန်ကူးမှု ၂ ဦး၊ မူးယစ်မှု ၈၆ ဦး ပါဝင်သည်ဟု ဆိုသည်။
အကျဉ်းသားများကို PSLF/TNLA ၏ အုပ်ချုပ်ရေးဌာနက စီစစ်နေပြီး ပြစ်မှုဆိုင်ရာပေါ် မူတည်ပြီး ပြန်လွှတ်ပေးခြင်းနှင့် ပြန်လည်အရေးယူခြင်းများ စီစဉ်ဆောင်ရွက်လျက်ရှိနေသည်ဟု ဖော်ပြထားသည်။
လားရှိုးမြို့ကို ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့တွင် ကိုးကန့်တပ်က စတင်တိုက်ခိုက်ခဲ့ပြီး ၁ လ ပြည့်ချိန် ဩဂုတ် ၃ ရက်တွင် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ)ကို သိမ်းပိုက်နိုင်ခဲ့သည်။
ဓာတ်ပုံ- PSLF/TNLA