သံလွင်ခက်။
ဩဂုတ် ၃၊ ၂၀၂၄။
ဩဂုတ်လ ၄ ရက် ညနေပိုင်းအချိန်တွင် အာဂျင်တီးနားနိုင်ငံသူ ဖလော်ရန်ဆီယာနှင့် ယှဉ်ပြိုင်ထိုးသတ်ရန်အတွက် ကယန်းတိုင်းရင်းသူ ဘရော်နီကာမှာ ယနေ့တွင် ဆေးစစ်ဝိတ်ချိန်ခြင်းများ ပြုလုပ်ခဲ့သည်။
ယှဉ်ပြိုင်မည့် ဖလော်ရန်ဆီယာမှာ အရပ်အမြင့် ၁၆၉ စင်တီမီတာရှိပြီး ဘရော်နီကာမှာ ၁၆၄ စင်တီမီတာအမြင့်ရှိသည်။
ဘရော်နီကာသည် ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ် လက်ရှိအချိန်အထိ မွေ့ထိုင်းအားကစားပြိုင်ပွဲ ၁၉ ပွဲ ထိုးသတ်ခဲ့ပြီး ပထမဦးဆုံးပွဲနှင့် နောက်ဆုံးထိုးသတ်ခဲ့သော ဖေဖော်ဝါရီ ၂၅ ရက်တွင် ထိုင်းဖိုက်တာ ဖာဆိုင်းကို ထိုင်းဒိုင်များ၏ ဆုံးဖြတ်ချက်ဖြင့် ရှုံးနိမ့်ခဲ့သည်။
ယခုပွဲစဉ်တွင် ထိုးသတ်မည်ဖြစ်သော ဖလော်ရန်ဆီယာသည် မွေ့ထိုင်းနှင့် ကစ်ဘောက်ဆင်ချန်ပီယံခါးပတ်များကို ပိုင်ဆိုင်ထားသူဖြစ်သည်။
“သူကအရမ်းကောင်းတဲ့ ပြိုင်ဖက်ဖြစ်တယ်။ ကျနော်ထက်လည်းအရပ်ရှည်တယ်။ ဘယ်ပွဲမဆိုကျနော်က အကောင်းဆုံးကြိုးစားပြင်ဆင်တယ်။ ဒီပြိုင်ပွဲ ထိုးရမယ်ဆိုတာ တစ်ပတ်ပဲကြိုသိတဲ့အတွက် ပြင်ဆင်ချိန် တစ်ပတ်ပဲရတယ်။ သူနဲပြိုင်ဆိုင်ရမယ်ဆို တော ဗီဒီယိုတွေကြည့်ပြီး အကောင်းဆုံးကြိုးစားပြင်ဆင်ထားပါတယ်။” ဟု ဘရော်နီကာက ပြောသည်။
Thai Fight တွင် ယှဉ်ပြိုင်ထိုးသတ်နေသော ဘရော်နီကာသည် ဒိုင်ဆုံးဖြတ်ချက်ဖြင့် ရှုံးနိမ့်ခဲ့သော ဖေဖော်ဝါရီပွဲစဉ်အပြီးတွင် ပွဲစဉ်များရပ်နားထားခဲ့သည်။
” သူ့ပွဲစဉ်တွေမကြည့်ရတာကြာတော့ အရင်ပွဲတွေပဲ ပြန်ကြည့်နေရတယ်။ ခုပွဲကိုတော့ အရင်ပွဲလို ဒိုင်ဆုံးဖြတ်ချက်တွေမဖြစ်အောင် အလဲထိုးစေချင်တယ်။ ထိုးနိုင်မယ်လို့လည်း ယုံကြည်ထားတယ်” ဟု ကရင်နီပြည်၊ လွိုင်ကော်မြို့ဒေသခံ စိုးရယ်က ပြောသည်။
မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံတစ်ဦးဖြစ်သည့် ကယန်းလက်ဝှေ့မယ် ဘရော်နီကာသည် အာဏာသိမ်းကာလတွင် မွေထိုင်းဘက်ကူးပြောင်းလေ့ကျင့်ပြီးနောက် ၂ နှစ်တာအတွင်း ကမ္ဘာ့မွေ့ထိုင်းချန်ပီယံဆုကို ပိုင်ဆိုင်နိုင်ခဲ့သည်။