သံလွင်ခက်။
ဩဂုတ် ၃ ၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြည်သူများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေသည့် စစ်ကောင်စီကို နိုင်ငံတကာအနေဖြင့် ပြင်းပြင်းထန်ထန် အရေးယူပေးရန် ကိုးကန့်တပ်ဖွဲ့ (MNDAA)က ယမန်နေ့တွင် ထုတ်ပြန်တောင်းဆိုထားသည်။
၂၀၂၄ ခုနှစ် ဇူလိုင်လ လဆန်းပိုင်းမှ စ၍ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ နောင်ချို တိုက်ပွဲများတွင် အထိနာပြီး တိုက်ပွဲများတောက်လျှောက် ရှုံးနိမ့်ခဲ့ရခြင်းကြောင့် စစ်ကောင်စီတပ်သည် လောက်ကိုင်မြို့တော်နှင့် သိန္နီခရိုင် အတွင်းရှိ အရပ်သား ပြည်သူများ နေထိုင်ရာ ဒေသများကို လေယာဉ်များဖြင့် ထပ်ခါ တလဲလဲ ဗုံးကြဲတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည်။
ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စာသင်ကျောင်း၊ ဆေးရုံ၊ မြို့မဈေး နှင့် ဟိုတယ် စသည့် လူစုလူဝေးများသည့် နေရာများကို ဦးတည်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် တစ်လအတွင်း ပြည်သူ ၁၄ ဦးသေဆုံးခဲ့ရပြီး ၂၃ ဦး ဒဏ်ရာရရှိကာ နေအိမ်အဆောက်အဦးများလည်း ပျက်စီးခဲ့သည်ဟု MNDAA က ထုတ်ပြန်ထားသည်။
ဩဂုတ်လ ၁ ရက် ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကောင်စီတပ်က စစ်မြေပြင်မဟုတ်သည့် လောက်ကိုင်မြို့တော်၊ တုန်းချိန်မြို့ကို ဗုံး ၄ လုံးဖြင့် လာရောက် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ဗုံး ၄ လုံး အနက် ၂ လုံးသည် အထူးဒေသ ၁ ၊ အမှတ် ၂ ပြည်သူ့ဆေးရုံ နှင့် ဘေးရှိ အဆောက်အဦးများကို ကျရောက်ပေါက်ကွဲခဲ့ကာကျန် ၂ လုံးသည် Fully Light ဟိုတယ်အနီးရှိ နေအိမ်များ ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။
ထို့နောက် ဩဂုတ်လ ၂ ရက် နံနက် ၁ နာရီ ၃ဝ မိနစ်ခန့်တွင် စစ်ကောင်စီတပ်က ကိုးကန့်ခရိုင်၊ တုန်းရှမ်းမြို့နယ်၊ ထိုက်ဖျင်တိုက် နယ်၊ ရှီးယွမ်ကျည်ရွာသို့ ဗုံးသီး ၁၇ လုံး ထပ်မံ လာရောက်ဗုံးကြဲခဲ့သည့်အတွက် နေအိမ် အမြောက်အများ ပျက်စီး ဆုံးရှုံးခဲ့သည်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှု အတွင်း အထူးဒေသ ၁ ၊ အမှတ် ၂ ပြည်သူ့ဆေးရုံး၏ လုံခြုံရေးဝန်ထမ်း ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဆေးရုံတက်နေသောလူနာ ၂ ဦးပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့သည်ဟု MNDAA၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီတပ် အနေဖြင့် စာသင်ကျောင်းများ၊ ဆေးရုံများ၊ အရပ်သားနေအိမ်များကို ဦးတည်ပြီး ဗုံးကြဲတိုက်ခိုက်နေခြင်းသည် စစ်ရာဇဝတ်မှု နှင့် လူအခွင့်အရေးကို ပြင်းပြင်းထန်ထန်ချိုးဖောက်နေခြင်းဖြစ်ပြီး ပြည်သူများကို ဗုံးကျဲ တိုက်ခိုက် သတ်ဖြတ်နေသော အပြုအမူကို ပြင်းထန်စွာရှုတ်ချကာ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း စစ်ရာဇဝတ်မှု နှင့် လူအခွင့်အရေးကို ချိုးဖောက်နေသော စစ်ကောင်စီကို ပြင်းပြင်းထန်ထန်အရေးယူပေးရန် MNDAA က တိုက်တွန်းထားသည်။