သဇင်
ဩဂုတ် ၂၊၂၀၂၄
ယခုနှစ် ၆ လအတွင်း စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူနေအိမ်ပေါင်း ၁၅,၀၀၀ နီးပါး ဆုံးရှုံးခဲ့ရသည်ဟု Data for Myanmar ကောက်ယူထားသည့် စာရင်းများအရ သိရသည်။
၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း မတ်လ၊ ဧပြီလ နှင့် မေလတို့တွင် မီးရှို့ဖျက်ဆီးမှုများခဲ့ပြီး နေအိမ် ၁၁,၆၆၃ လုံးဆုံးရှုံးကာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်နဲ့ ဘူးသီးတောင်မြို့တွင် စစ်ရေးပြင်းထန်းမှုကြောင့် နေအိမ်ပျက်စီးမှုအများဆုံး ဖြစ်သည်။
ဇွန်လတွင် စစ်ကောင်စီတပ်နှင့်အပေါင်းအပါများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း ၁,၁၀၉ လုံးဆုံးရှုံးပြီး မန္တလေးတိုင်းတွင် ၈၂၃ လုံး၊ စစ်ကိုင်းတိုင်းတွင် ၁၃၉ လုံး ၊ တနင်္သာရီတိုင်းတွင် ၇၅ လုံး၊ ချင်းပြည်နယ်တွင် ၂၈ လုံးနှင့် မကွေးတိုင်းတွင် ၄၄ လုံး ပါဝင်သည်။
ထို့အပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲက ကျေးရွာပေါင်း ၁၆ ရွာ မီးရှို့ဖျက်ဆီးခံရမှုကြောင့် နေအိမ်ပေါင်း ၃,၀၀၀ ကျော် ပျက်စီးခဲ့သည်ဟု Data for Myanmar ကထုတ်ပြန်ထားသည်။
မြို့သိမ်းတိုက်ပွဲများဆင်နွှဲသည့် မြို့ရွာဒေသနှင့် တော်လှန်ရေးအင်အားစုများကို ထောက်ခံသည့်ကျေးရွာများကို စစ်ကောင်စီမှ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခြင်းအပြင် လက်နက်ကြီး၊ လေကြောင်းနှင့် စစ်သင်္ဘောကပါ ပစ်ခတ်မှုကြောင့် အရပ်သား နေအိမ်များပျက်စီးဆုံးရှုံးခဲ့ရသည်။
စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ၂၀၂၁ ခုနှစ်တွင် နေအိမ် ၂,၁၁၁ လုံး၊ ၂၀၂၂ ခုနှစ်တွင် နေအိမ် ၄၆,၈၅၆ လုံး၊ ၂၀၂၃ ခုနှစ်တွင် နေအိမ် ၃၁,၄၈၄ လုံး နှင့် ၂၀၂၄ ခုနှစ် ဇွန်လအထိ နေအိမ် ၁၄,၉၆၂ လုံး ပျက်စီးဆုံးရှုံးခဲ့သည်။
စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း နိုင်ငံတစ်ဝှမ်းတွင် နေအိမ်ပေါင်း ၉၅,၄၁၃ ထက်မနည်း ပျက်စီးခဲ့ပြီး အဆို ပါအရေအတွက်ထဲမှ စစ်ကိုင်းတိုင်းတွင် ၆၇,၅၈၉ ဆုံးရှုံးခဲ့သည့်အတွက် တစ်နိုင်ငံလုံးတွင် မီးရှို့ခံရမှုအရေ အတွက်၏ ၇၀ ရာခိုင်နှုန်းကျော်ရှိသည်။
ပုံစာ – စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ မီးရှို့မှုကြောင့် ပျက်စီးခဲ့ရသည့် နေအိမ်များ။ ဓာတ်ပုံ – ကျွန်းလှ- ကန့်ဘလူတက် ကြွလှုပ်ရှားသူများအဖွဲ့ (ပုံအဟောင်း)။