ထွယ်
ဩဂုတ် ၂၊ ၂၀၂၄။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် တယန်ဇွပ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနှင့် ကာကင်းစခန်းများကို ယနေ့နံနက် ၉ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်များက အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဝိုင်းမော်မြို့နယ်ရှိ ခြေလျင်တပ်ရင်း ခ.လ.ရ – ၅၈ မှဖြစ်ပြီး တိုက်ပွဲဖြစ်ပွားပြီးနောက် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆက်လက်ရှာဖွေလျက်ရှိဖြစ်သည်ဟု KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သံလွင်ခက်ကို ပြောသည်။
“ဆွမ်ပရာဘွမ်တပ်ကို လုံခြုံရေးယူပေးနေတဲ့ တပ်စခန်းပါ။ လက်နက်တွေ သိမ်းဆည်းရမိတာရှိတယ်” ဟု ၎င်းက ပြောသည်။
တယန်ဇွပ်ကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကုန်လမ်း၊ ရေလမ်းမှ သွားလာသည့် ဒေသခံပြည်သူများကို စစ်ဆေးရေး အလွန်တင်းကြပ်သည့် ဂိတ်ကြီးတစ်ခုဖြစ်ပြီး ၎င်းတို့အတွက်မူ စစ်ရေးဗျူဟာအရ ဆုံးရှုံးမှုကြီးမားသည့် အခြေအနေဖြစ်သည်ဟု KIA ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။
ယင်းစစ်ကောင်စီ၏တပ်စခန်းသည် ဧရာဝတီမြစ်အနောက်ဘက်ရှိ မြစ်ကြီးနား- ဆွမ်ပရာဘွမ် လမ်းမကြီးပေါ်တွင်တည်ရှိပြီး မြစ်ကြီးနားမြို့မှ အထက်ဘက် ၅၂ မိုင်ခန့်အကွာတွင် ရှိသည်။
၂၀၁၄ သန်းခေါင်စာရင်းအရ တယန်ဇွပ်ကျေးရွာသည် လူဦးရေ ၁,၀၀၀ ခန့်နေထိုင်သည့် ကျေးရွာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားစဉ် အထက်ဘက် ဆွမ်ပရာဘွမ်မြို့နှင့် ဧရာဝတီမြစ်အရှေ့ဘက်ရှိ ကျေးရွာများသို့ ဒေသခံများ ထွက်ပြေးတိမ်း ရှောင်ကြသည်ဟု သိရသည်။
လတ်တလောတွင် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်က တိုက်ခိုက်နေလျက်ရှိပြီး တိုက်ပွဲများ ပြင်းထန်နေသည်။
ပြီးခဲ့သည့် မေလ ၅ ရက်တွင် မြစ်ကြီးနားမြို့၏အထက်ဘက် မြောက်ပိုင်းရှိ ဆွမ်ပရာဘွမ်မြို့နယ်တစ်ခုလုံးကို KIA ပူးပေါင်းတပ်က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက် တိုက်ပွဲများငြိမ်သက်နေခဲ့ကာ ယမန်နေ့ ဩဂုတ်လ ၁ ရက်နေ့မှ တယန်ဇွပ်ကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဝင်ရောက်တိုက်ခိုက်ကာ ယနေ့တွင် အပြီးတိုင် သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။