သံလွင်ခက်
ဩဂုတ် ၃ ၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိးမြို့ရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တပ်စခန်းသည် ယနေ့မနက်ပိုင်းတွင် ကိုးကန့်တပ်- MNDAA လက်ထဲသို့ကျရောက်ခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်များက အတည်ပြုပြောဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်ကစပြီး MNDAA ဦးဆောင်သည့် ပူးပေါင်းတပ်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တပ်စခန်းကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တစ်လအကြာ၌ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဇူလိုင်လ ၂၇ ရက်သည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ၅၂ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပြီး တိုင်းစစ်ဌာနချုပ် ၁၄ ခုအနက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ထံ ပထမဦးဆုံးလက်လွှတ်ခဲ့ရသည့် တိုင်းစစ်ဌာနချုပ်တစ်ခုလည်း ဖြစ်သည်။
ဒေသခံတစ်ဦးက “သိမ်းပြီးလို့ ပစ္စည်းတောင်သယ်ထုတ်နေပြီ။ ဒီမနက် ၂ နာရီကျော်လောက်က ကျသွားတာ” ဟုဆိုသည်။
လားရှိးမြို့ရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တပ်စခန်းများကို သိမ်းပိုက်ပြီးနောက် အဆိုပါစခန်းများ ရှေ့၌ အောင်ပွဲခံခဲ့သည့် ဓာတ်ပုံများကို MNDAA က ဇူလိုင် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်သည် ဝါဒဖြန့်မှုတစ်ခုသာဖြစ်သည် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းနေ့တွင် စစ်ကောင်စီလက်ခံအောက် ရုပ်သံများမှ တစ်ဆင့်ပြောဆိုခဲ့သည်။
MNDAA တပ်အနေဖြင့် မြို့တွင်းရှိ စစ်ကောင်စီရုံးစိုက်ရာနေရာအများစုရှေ့တွင် အရပ်ဝတ်ဖြင့် ဝင်လာပြီးနောက် ယူနီဖောင်းလဲကာ ဓာတ်ပုံရိုက်ခဲ့ခြင်းဖြစ်သည် ၎င်းက ပြောဆိုခဲ့သည်။
ထို့နောက် ၈ ရက်အကြာ ယနေ့တွင် ယင်းဌာနချုပ် ကျရှုံးသွားခဲ့သည်။
လားရှိုးမြို့သည် လုံးဝလွတ်မြောက်သွားပြီဖြစ်သည့်အတွက် မြို့၏အုပ်ချုပ်ရေးယန္တရားကို အထူးဒေသ- ၁ အုပ်ချုပ်ရေး ကော်မတီကလည်းကောင်း၊ မြို့နယ်လုံခြုံရေးကို အထူးဒေသ- ၁ ရဲတပ်ဖွဲ့ကလည်းကောင်း မြို့နယ် ကာကွယ်ရေးကို MNDAA က လည်းကောင်း ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားမှုများရှိခဲ့သည်။