သဇင်
ဩဂုတ် ၂၊၂၀၂၄
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ် တက်ကောတဲတိုက်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်ခြေ ၁၅ လုံးခန့်ကို မီးရှို့ဖျက်စီးခဲ့ပြီး ဒေသခံအမျိုးသားနှစ်ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည်ဟု ပေါက်ခေါင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ဩဂုတ်လ ၂ ရက်တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇူလိုင်ဒုတိယအပတ်မှ စတင်၍ အင်အား ၁၈၀ ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် ပြည်ခရိုင်အတွင်းကို စစ်ကြောင်းထိုးလျက်ရှိပြီး ဇူလိုင် ၃၁ ရက်က ယင်းကျေးရွာမှ နေအိမ်များနှင့် ပြည်သူပိုင်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
“အဲ့ဒီမှာရှိတဲ့အိမ်တွေ တဲတိုက်တွေအားလုံးကို မီးရှို့သွားတယ်။ ဘာမှမကျန်ဘူး။ တဲတိုက်ထဲက အိမ်တစ်လုံးထဲမှာပဲ မီးရှို့ထားတဲ့ အလောင်းနှစ်ခုကို တွေ့ရတယ်။ အသက် ၃၀ နဲ့ ၅၀ ဝန်းကျင်ဖြစ်ဖို့များပါတယ်။ ဘယ်သူတွေလည်းဆို တာတော့ ကျွန်တော်တို့ စုံစမ်းနေတုန်းပဲ” ဟု ပေါက်ခေါင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆက်သွယ်ရေးတာဝန်ခံ ရဲဘော်အန်တီက သံလွင် ခက်ကို ပြောသည်။
လက်ရှိတွင် အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လှည်းကူးကျေးရွာအုပ်စုနှင့် ၁ မိုင်ကျော်ဝေးသည့် အောင်သပြေကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည်ဟု ၎င်းထံက သိရသည်။
ပုံစာ-တက်ကောတဲတိုက်ရှိ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် နေအိမ်များမြင်ကွင်း။ ဓာတ်ပုံ-ပေးပို့။