သဇင်
ဩဂုတ် ၂၊ ၂၀၂၄
မွန်ပြည်နယ်၊ သထုံမြို့နယ် ကမာစိုင်ကျေးရွာအနီး ယနေ့နံနက်ပိုင်းတွင် မိုင်းခွဲဖျက်စီးခံခဲ့ရသည့် ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်ရှိ အမှတ် ၃/၁၃၄ သံကူကွန်ရစ်တံတားတွင် မြေဖို့ပြီးစီး၍ ယာယီဖြတ်သန်းခွင့်ရနေပြီဟု ဒေသခံများထံက သိရသည်။
အလျား ၇၀ ပေ၊ အနံ ၁၂ ပေ ရှိသည့် ယင်းတံတားသည် ယနေ့နံနက်အစောပိုင်းတွင် မိုင်းထိကာပြိုကျခဲ့ပြီး ယာယီလမ်းပိတ်ခဲ့သည်။
ထို့နောက် ယနေ့နေ့လည် ၁၁ ရီခန့်တွင် မြေဖို့ပြီးစီးခဲ့သဖြင့် ကားအသေးအပါအဝင် ကုန်တင်ကားကြီးများကို အလှည့်ကျဖြတ်သန်းခွင့်ပြုခဲ့ဟု ကားသမားများထံက သိရသည်။
လက်ရှိတွင် တံတားမိုင်းခွဲခံရမှုဖြစ်စဉ်အတွင်း အနီးရှိ 33 KV Line လိုင်းကို မိုင်းထိကာ ပျက်စီးခဲ့သဖြင့် လျှပ်စစ်မီးပြတ်တောက်နေသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
ပုံစာ- အမှတ် ၃/၁၃၄ တံတားတွင် မြေဖို့ကာ ကားများဖြတ်သန်းနေသည့် မြင်ကွင်း။ ဓာတ်ပုံ- Ko Myint Soe