ယမင်းဖူးပွင့်အောင်
ဇူလိုင် ၃၀၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်းအပြင် မြန်မာနိုင်ငံအနှံ့တွင် ဖြစ်ပွားနေသောပဋိပက္ခများကို တွေ့ဆုံဆွေးနွေးမှုအပါအဝင် ငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် ဖြေရှင်းသွားကြရန် ဝပြည်သွေးစည်းညီညွတ်ရေးတပ်- UWSA က တိုက်တွန်းလိုက်သည်။
အပြင်းအထန်ထိခိုက်သွားသော ပြည်သူလူထု၏စီးပွားရေးကို ပြန်လည်နာလန်ထူစေရန်နှင့် နေရပ်စွန့်ခွာသွားသော ပြည်သူလူထုကို လုံခြုံရေးအာမခံချက်ရှိစွာနေရပ်သို့ ပြန်ရောက်စေရန်အတွက် တိုက်တွန်းခြင်းဖြစ်သည်ဟု UWSA က ဇူလိုင် ၂၉ ရက် ရက်စွဲဖြင့် ယနေ့တွင် ထုတ်ပြန်သည်။
လက်ရှိတွင် မြန်မာနိုင်ငံသည် စစ်ရေးပဋိပက္ခကြောင့် နိုင်ငံတော်တစ်ခုလုံးပြိုကွဲမည့် အနေအထားသို့ ရောက်ရှိနေပြီး စီးပွားရေးကပ်ဆိုက်ခြင်း၊ ထုတ်လုပ်မှုရပ်ဆိုင်းခြင်း၊ ကုန်သွယ်မှုရပ်တန့်ခြင်းနှင့် လုပ်ငန်းများအသီးသီးဆိုးရွားစွာထိ ခိုက်ပျက်စီးခြင်းတို့ကြောင့် ပြည်သူလူထု၏ နေထိုင်မှုဘဝသည် မျှော်လင့်ချက်ကင်းမဲ့သည့် အခြေအနေသို့ ရောက်ရှိနေသည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စစ်ရေးပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပါက လူမှုရေးမျိုးနွယ်စုအကြား အကွဲအပြား ပိုမိုနက်ရှိုင်းပြီး အချင်းချင်း ရန်ငြိုးလည်း ပိုမိုမြင့်တက်ကာ မြန်မာနိုင်ငံအတွက် စစ်ရေးပဋိပက္ခထက် ပိုမိုရှည်ကြာသော ကုသရန်ခက်ခဲသည့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများဖြစ်ပေါ်လာနိုင်သည်ဟုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ပုံစာ − ” ဝ ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်- UWSA ရဲ့ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်အခမ်းအနားမြင်ကွင်း။ ဓာတ်ပုံ − သံလွင်ခက်