ထွယ်
ဇူလိုင် ၃၁၊ ၂၀၂၄
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် တစ်ခုတည်းကျန်ရှိသည့် စစ်ကောင်စီ၏ခြေမြန်တပ်ရင်း ခ.မ.ရ – ၄၃၇ တပ်ရင်းကို ကချင်လွတ်မြောက်ရေးတပ်မတော်- KIA နှင့် ပူးပေါင်းတပ်က တိုက်ခိုက်နေသည်ဟု KIA ထံက သိရသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်မှစတင်ပြီး စစ်ကောင်စီတပ်အနေဖြင့် ၎င်းတို့တပ်စခန်း လက်မလွတ်ရရေးအတွက် မိုးမောက်မြို့နယ်ကို လေကြောင်းဖြင့်သာမက မြေပြင်စစ်ကြောင်းဖြင့်လည်း စစ်ကြောင်းထိုးလျက်ရှိသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် – KIO ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးဦးနော်ဘူက သံလွင်ခက်ကို ပြောသည်။
“မိုးမောက်မြို့က ၄၃၇ မသိမ်းသေးဘူး၊ တိုက်ပွဲတွေ ဆက်တိုက် ပြင်းထန်နေတုန်းပဲ။ မံစီဘက်တကြောလည်း တိုက်ပွဲ ဖြစ်နေပေမယ့် မိုးမောက်မှာ ပိုပြင်းထန်တယ်။ လေကြောင်းရော လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ တိုက်ပွဲပြင်းထန်နေဆဲပဲ” ဟု ၎င်းက ပြောသည်။
လက်ရှိ တိုက်ပွဲများပြင်းထန်နေသည့် မိုးမောက်မြို့နယ်တွင် နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိပြီး တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်သည်ဟု KIA သတင်းရင်းမြစ်က သံလွင်ခက်ကို ပြောသည်။
ထို့ပြင် မိုးမောက်မြို့ရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခ.မ.ရ – ၄၃၇ အနီးတွင်သာမက ဗန်းမော်မြို့နယ်၊ ခူးလီကျေးရွာနှင့် နန့်လှိုင်ကျေးရွာတွင်လည်း တိုက်ပွဲများဖြစ်ပွားနေပြီး ဇူလိုင်လ ၂၅ ရက်တွင် ဗန်းမော်မြို့၊ တက္ကသိုလ်ကျောင်းအနောက် ဘက်ဘက်ရှိ သာစည်ကျေးရွာနှင့် ရွှေစည်ကျေးရွာတို့တွင်လည်း တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ကချင်ပြည်နယ်တွင် ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေသဖြင့် ဗန်းမော်မြို့နှင့် မိုးမောက်မြို့ရှိ ဒေသခံပြည်သူနှင့် စစ်ဘေးရှောင်ပြည်သူတို့၏ အခြေအနေကိုသိရှိရန် သံလွင်ခက်သတင်းဌာနက ကြိုးစားနေဆဲဖြစ်သည်။