ခင်သရဖီဦး
ဇူလိုင် ၃၀ ၊ ၂၀၂၄။
ရခိုင်ပြည်၊ ဂွမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သည့်အတွက် မြို့ပေါ်နေ ဒေသခံအများစုသည် မြို့ကိုစွန့်ခွာပြီး စစ်ရှောင်နေကြသည်ဟု ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်- AA တို့၏တိုက်ပွဲများသည် သံတွဲမြို့မှတစ်ဆင့် ဂွမြို့အနီးသို့ရောက်ရှိလာသဖြင့် ပြီးခဲ့သည့် မေလမှစတင်၍ ဒေသခံများသည် ရန်ကုန်နှင့် ဧရာဝတီတိုင်းဘက်သို့ အများဆုံးစစ်ရှောင်နေကြခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်အနေဖြင့် ဂွမြို့အတွင်း လုံခြုံရေးအင်အားတိုးမြှင့်ထားသလို ခုခံစစ်ပြင်ဆင်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“လမ်းတွေမှာ လုံခြုံရေးအင်အား ထပ်တိုးထားတာတွေရှိတယ်။ သူတို့ရဲ့ တပ်နယ်မြေတွေမှာ ဓနိတွေနဲ့ ခြံစည်းရိုး ထိုးထားတာတွေရှိတယ်။ နောက် စစ်ဆေးရေးဂိတ်တွေမှာလည်း ခြံစည်းရိုး ခတ်ထားတာတော့ တွေ့ပါတယ်” ဟု ၎င်းက ဆိုသည်။
မြို့ထဲတွင် ကျန်ရှိနေသူတချို့သည်လည်း တခြားမြို့များတွင် ကြိုတင်အိမ်ငှားရန်ပြင်ဆင်နေကြသည်ဟု ဂွဒေသခံလူငယ်တစ်ဦးက ဆိုသည်။
“အခုချိန်မှာတော့ မြို့ကလူတွေ ၅၀-၆၀ ရာခိုင်နူန်းလောက်ကို ပြောင်းကုန်ကြပါပြီ။ ကျန်တဲ့ ၅၀ မှာ ၃၀ ရာခိုင်နူန်းလောက်ကလည်း အိမ်တွေ ကြိုငှားထားကြပြီ။ မပြောင်းကြသေးတာပဲရှိတယ်”ဟု ၎င်းက ဆိုသည်။
၂၀၁၄ သန်းခေါင်းစာရင်းအရ ဂွမြို့ပေါ်တွင် ရပ်ကွက် ၃ ခုရှိပြီး မြို့ပေါ်နေလူဦးရေသည် ၉,၅၀၀ ဝန်းကျင်ရှိသည်ဟု ဖော်ပြထားသည်။
ပုံစာ- ဂွမြို့အဝင် မြင်ကွင်း။