ပန်ပန်
ဇူလိုင် ၂၅၊ ၂၀၂၄။
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ သောင်ရင်းမြစ်အနီးက လော့ခေါ်စစ်ရှောင်စခန်းနှင့် သေ့ဘောဘိုးစစ်ရှောင်စခန်းတို့တွင် ယခုရက်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေသဖြင့် အမိုးအကာများလိုအပ်နေသည်ဟု စစ်ရှောင်တာဝန်ရှိသူများထံမှ သိရသည်။
ယင်း စစ်ရှောင်စခန်းနှစ်ခုသည် စစ်ရှောင်ကာလ နှစ်နှစ်ကျော်ရှိလာပြီး ယခင်က အမိုးအကာအဖြစ် အသုံးပြုခဲ့သည့် ဖက်ရွက်များ ပေါက်ပြဲစုပ်ပြတ်လာသဖြင့် မိုးယိုမှုများကြုံတွေ့နေရခြင်းဖြစ်သည်။
“စစ်ရှောင်တွေက အခုကမ့်မှာက နေလာတာ ၂ နှစ်ကျော်ပြီလေ၊ ဖက်မိုးတွေကပေါက်နေပြီး မိုးရာသီလည်းဖြစ်တော့ မိုးယိုတယ်။ အဲ့ဒီအတွက် အခက်အခဲဖြစ်တာပေါ့” ဟု သေ့ဘောဘိုးစစ်ရှောင်စခန်း တာဝန်ခံက ဆိုသည်။
ထို့အပြင် ချောင်းရေမြင့်တက်လာခြင်းကြောင့် လော့ခေါ်စစ်ရှောင်စခန်းတွင် အမိုးအကာအပြင် သောက်သုံးရေပါ အခက်အခဲရှိနေသည်ဟု လော့ခေါ် စစ်ရှောင်တာဝန်ခံအမျိုးသမီးတစ်ဦးက ပြောသည်။
“အခု အောက်ရေက တိုးလာတယ်။ ချောင်းရေကလည်း နောက်သလားမပြောနဲ့။ အခု ရေအဆင်ပြေအောင် မီးစက်ကိုပဲ အားကိုးရတယ်။ စက်အားကိုးတော့လည်း ဓါတ်ဆီဖိုးကလည်း အဆင်မပြေပြန်ရော။ အကယ်၍ စက်က ဓါတ်ဆီဖိုး ထုတ်နိုင်လို့ရှိရင်တော့ မိုးတွင်းဘက်ကတော့ ဒီလိုမိုးတွင်းဘက်ကျရင်တော့ စက်နဲ့တင်ပြီးတော့ ရေပြန်လွှတ်ချပေးလို့ရတယ်။ အခုက ဓါတ်ဆီဖိုးကလိုတာ” ဟု ၎င်းက ဆက်ပြောသည်။
လတ်တလောတွင် သေ့ဘောဘိုးစစ်ရှောင်စခန်းတွင် စစ်ရှောင်ဦးရေ ၃၀၀ နီးပါးရှိပြီး လော့ခေါ်စစ်ရှောင်စခန်းတွင် စစ်ရှောင်ဦးရေ ၆၀၀ ကျော်ရှိသည်။
ဓါတ်ပုံ – လော့ခေါ်စခန်းရှိ စစ်ရှောင်နေအိမ်များ။ ဓာတ်ပုံ- သံလွင်ခက်