ခင်သရဖီဦး
ဇူလိုင် ၂၅၊ ၂၀၂၄
ရခိုင်ပြည်နယ်တောင်ပိုင်းက သံတွဲ၊ တောင်ကုတ်၊ ဂွနှင့် ဂျိန္တလီမြို့နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းနေခြင်းကြောင့် ချောင်းရေတက်ပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည်ဟု ဒေသခံများထံက သိရသည်။
ယင်းဒေသများ၏ ပုံမှန်ရေကြီးချိန်တွင် မိုးအဆက်မပြတ်ရွာသွန်းနေခြင်းကြောင့် ချောင်းရေမြင့်တက်လာမည်ကို စိုးရိမ်ရသည့်အခြေအနေဖြစ်နေသည်ဟု ဂွဒေသခံတစ်ဦးက ပြောသည်။
“မိုးရွာနေတာက လေးငါးရက်လောက် ရှိပြီ။ နေ့ရော ညရော ရွာနေတာပဲ။ အခုက ရပ်ကွက်တွေကို ချောင်းရေတွေ ကျော်လာပြီ။ ရေက ဒီရေတက်ချိန်ဆို ပိုဆိုးတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် သံတွဲမြို့ရှိ သံတွဲချောင်းနှင့် သူဌေးချောင်းတို့တွင်လည်း ရေများလျှံတက်ကာ မြို့၏မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် လက်ပံစုရပ်ကွက်၊ ခြံပြင်ရွာနှင့် အံတော်ရွာတို့တွင် နေအိမ်တစ်ချို့ ရေနစ်မြှုပ်နေသည်ဟု သံတွဲဒေသခံတစ်ဦးက ဆိုသည်။
“မြေနိမ့်ပိုင်းတွေဆိုတော့ ရေကမြုပ်နေပြီ။ သူဌေးချောင်းက ရေတွေလျှံလာရင်လည်း အောက်ဖက်ကရွာတွေကို စိုးရိမ်ရတယ်” ဟု ၎င်းက ဆိုသည်။
သံတွဲမြို့တွင် အာရက္ခတပ်တော်- AA နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး မြို့ထဲတွင် ပိတ်မိကျန်ခဲ့သည့် ဒေသခံတချို့မှာ ရေကြီးမှုကြုံနေကြရပြီး အခက်အခဲများ ဖြစ်နေသည်။
တောင်ကုတ်မြို့တွင်လည်း ယနေ့ နံနက်ပိုင်းမှစတင်ကာ သိမ်တောင်၊ ချောင်းကောက်၊ ကံပိုင်ရပ်ကွက်နှင့် ကျေးရွာတချို့ တွင်လည်း ချောင်းရေလျှံလာပြီး ခန့်မှန်း အမြင့် ၄ ပေခန့်အထိမြင့်တက်လာနေပြီး ဂျိန္တလီမြို့တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီလက်အောက်ခံ မိုး/ဇလဌာနကလည်း နောက်နှစ်ရက်အတွင်း ရခိုင်ပြည်နယ်အပါအဝင် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့တွင် မိုးပိုမည်ဟု ယမန်နေ့က ခန့်မှန်းထားသည်။
ပုံစာ- ရေလျှံမှုဖြစ်ပေါ်နေသည့် တောင်ကုတ်မြို့ထဲမှ နေအိမ်တစ်ချို့နဲ့ လမ်းမြင်ကွင်း။ ဓာတ်ပုံ – ko hein ဖေ့စ်ဘွတ်ခ်