သံလွင်ခက်
ဇူလိုင် ၂၃၊ ၂၀၂၄
အာဏာသိမ်းစစ်တပ်မှ ဒုဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ဗိုလ်မှူးနှစ်ဦးတို့မှ ဦးဆောင်၍ တပ်သား ၃၀၀ ကျော်သည် ကိုးကန့်တပ်မတော်- MNDAA ထံ လက်နက်ချအလင်းဝင်ခဲ့သည်ဟု ယနေ့တွင် The Kokang က ထုတ်ပြန်လိုက်သည်။
ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်တွင် လက်နက်ချအလင်းဝင်လာမည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ငွေကျပ် ၁၀ သိန်းကစပြီး အမြင့်ဆုံး ကျပ်သိန်းတစ်သောင်းထိ ချီးမြှင့်သွားမည်ဟု MNDAA ကထုတ်ပြန်ခဲ့ပြီးနောက် လားရှိုးမြို့တစ်ဝိုက်က ဒုဗိုလ်မှူးကြီးတစ်ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၅ ဦးနှင့် တပ်သားစုစုပေါင်း ၃၁၇ ဦးသည် ဇူလိုင် ၂၁ ရက်က လက်နက်ချအလင်းဝင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။
ထုတ်ပြန်ချက်တွင် ၎င်းတို့မှ မဟာမိတ်တပ်ဖွဲ့တွင် ပါဝင်လိုပြီး အာဏာသိမ်းစစ်ကောင်စီအား ပြန်လည်တိုက်ထုတ်လိုကြောင်း ဖော်ပြထားသည်။
လက်နက်ချခဲ့သော စစ်ကောင်စီတပ်သားများအား အခြေခံအသက်မွေးဝမ်းကြောင်း၊ လုံခြုံမှုကိုသာမက ထိခိုက်ဒဏ်ရာ ရရှိသူများနှင့် ဖျားနာသူများအား အချိန်မှီ ဆေးဝါးကုသမှုပေးခဲ့ကြောင်း MNDAA က ဖော်ပြထားသည်။
ထို့အပြင် လက်နက်ချအလင်းဝင်သူများကို လက်ခံချိန်ခါ၌ MNDAA- တပ်ဖွဲ့ရှေ့တန်းလုပ်ငန်းအဖွဲ့နှင့်တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်များက နယ်မြေခံစစ်ကျောင်းတစ်ကျောင်းမှ သေနတ်နှင့် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ သည်ဟု ထုတ်ပြန်ထားသည်။
ပုံစာ- လက်နက်ချအလင်းဝင်ခဲ့သည့် စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ- The Kokang ယူကျု့ စခရင်ရှော့