နန်းဆုပန်ခန့်
ဇူလိုင် ၂၂၊ ၂၀၂၄
“ထိုင်းနိုင်ငံအတွင်း နေထိုင်သည့် နိုင်ငံခြားသားလုပ်သားများကို ဖမ်းဆီးစစ်ဆေးခြင်းအရေးယူစီမံချက်” ခေါ် ရက် ၁၂၀ စီမံကိန်းတွင် ဖမ်းဆီးခံရသူများသည် ထိုင်းနိုင်ငံဥပဒေအရ အနိမ့်ဆုံးဒဏ်ငွေ ဘတ် ၅,၀၀၀ နှင့် အမြင့်ဆုံး ပြည်နှင်ဒဏ် ချမှတ်ခံရနိုင်သည်ဟု မြန်မာပြည်သားများအရေးဆောင်ရွက်သူများထံက သိရသည်။
“သူတို့ကို ဥပဒေအရဆိုရင် ဒဏ်ငွေ ၅,၀၀၀ ကနေ ၅၀,၀၀၀ ဘတ်အထိ ပေးဆောင်ခိုင်းတယ်။ ပြီးတဲ့အခါမှာ နေရပ်ကို ပြန်ပို့မယ်။ အဲ့ဒီမိခင်နိုင်ငံကနေပြီးတော့ ထိုင်းနိုင်ငံကို ၂ နှစ်အတွင်းမှာမလာဘူး။ တကယ်လို့လာရင် ထောင်ဒဏ် ၂ နှစ် ကျမယ်” ဟု မြန်မာပြည်သားများအရေးပူးတွဲလုပ်ရှားမှုကော်မတီအဖွဲ့ ဥဣဌလည်းဖြစ်၊ ထိုင်းလူ့အခွင့်အရေးရှေ့နေ များကောင်စီအလုပ်မှုဆောင်တစ်ဦးဖြစ်သည့် ဦးမိုးကြိုးက သံလွင်ခက်ကို ပြောသည်။
ရက် ၁၂၀ စီမံကိန်းကို ထိုင်းအစိုးရမှ ပြီးခဲ့သည့် ဇွန်လ ၅ ရက်မှစတင်ခဲ့ပြီး ဇူလိုင် ၁၁ ရက်အထိ ထိုင်းနိုင်ငံအတွင်းနေထိုင်သည့် တရားမဝင်နိုင်ငံခြားသား ၁၀၈,၈၇၅ ဦးကို ဖမ်းဆီးခဲ့သည်ဟု ထိုင်းအလုပ်သမားရေးရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ယင်းဖမ်းဆီးခံရသည့်အထဲတွင် မြန်မာနိုင်ငံသား ၈၀,၉၁၃ ဦးအထိရှိပြီး ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် တခြားနိုင်ငံထဲမှ အထောက်အထားမဲ့အလုပ်သမားများလည်း ဖမ်းဆီးခဲ့သည်ဟု ယင်းဌာနက ဆိုထားသည်။
“တရားမဝင်နိုင်ငံခြားသားဆိုတဲ့နေရာမှာ စာရွက်စာတမ်းအထောက်အထားမရှိတာကတစ်မျိုး၊ အထောက်အထားမစုံတာကတစ်မျိုး၊ စာရွက်စာတမ်းစုံစုံလင်လင်ရှိပေမယ့်လည်း မိခင်ထိုင်းနိုင်ငံသားတွေပဲလုပ်ရမယ့် အလုပ်တွေကို ခွင့်ပြု ချက်မရှိဘဲလုပ်တာက တစ်မျိုး၊ ၃ ပုံစံနဲ့ဖမ်းပါတယ်” ဟု ဦးမိုးကြိုးက ရှင်းပြသည်။
ထိုင်းနိုင်ငံမှာ ထိုင်းအလုပ်သမားဝန်ကြီးဌာန လက်အောက်ခံ (Department of employment) DOE ၏ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လကုန်ထိ ကောက်ခံထားတဲ့စာရင်းအရ မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံများကလာရောက် အလုပ်လုပ်ကိုင် နေသည့် တရားဝင်ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၂သန်းကျော်ဝန်းကျင်ရှိသည်။
ဓာတ်ပုံ- သံလွင်ခက်