ပန်ပန်
ဇူလိုင် ၂၀၊ ၂၀၂၄
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် KNU -တပ်မဟာ ၅ နယ်မြေ၌ ၁၅ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ ဗိုလ်တစ်ဦးအပါ တပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးခဲ့သည်ဟု မူတြော်သတင်းစဉ်က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။
တပ်မဟာ ၅ နယ်မြေအတွင်း၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲပေါင်း ၆၆ ကြိမ်ဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့တွင် ဗိုလ်တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၃၇ ဦးသေဆုံးခဲ့ရပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။ ထို့အတူ KNLA တပ်မဟာ ၅ ဘက်က တပ်ဖွဲ့ဝင် ၁ ဦးဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်တွင်လည်း တပ်မဟာ ၅ အတွင်းရှိ ခမရ(၅၉၉)မှ စစ်ကောင်စီတပ်သားနှစ်ဦးဖြစ်သည့် စိုး သီဟနှင့် ညီညီနိုင်နှစ်ဦးသည် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် KNLA အမှတ် (၅) တပ်မဟာထံ အလင်းဝင်ရောက်ခဲ့သ ဖြင့် တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်း ပေးအပ်ခဲ့သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကာလမှစ၍ ၂၀၂၄ ခုနှစ် ဇွန်လကုန်အထိ တပ်မဟာ ၅ အတွင်း တိုက်ပွဲပေါင်း ၄၅၁ ကြိမ် ဖြစ်ပွားမှုပြီး ထွက်ပြေးတိမ်းရှောင်ရသည့် မူတြော်ဒေသခံစုစုပေါင်း ၈၈,၈၉၇ ဦးရှိသည်ဟု ကေအဲန်ယူဗဟိုက ထုတ်ပြန်ထားသည်။
ပုံစာ – စစ်ကောင်စီလေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးသွားသည့် မူတြော်ဒေသခံနေအိမ်တချို့။ ဓါတ်ပုံ – မူတြော်သတင်းစဉ်