ယမင်းဖူးပွင့်အောင်
ဇူလိုင် ၁၉၊ ၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အဝင် မုခ်ဦးအနီးရှိ စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ-၄၁ ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်- MNDAA က ယနေ့နံနက်အစောပိုင်းမှစ၍ ဝင်ရောက်တိုက်ခိုက်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်မှစတင်၍ တစ်ဖက်သက် အပစ်ရပ် ၄ ရက်တာကာလအပြီး ယနေ့နံနက် ၃ နာရီဝန်းကျင်မှစ၍ ခလရ-၄၁ ကို MNDAA က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် လားရှိုးတစ်မြို့လုံးကို စစ်ကောင်စီက အဆက်အသွယ်များဖြတ်တောက်ထားသည်ဟု စစ်ရေးနီးစပ်သူတစ်ဦးက သံလွင်ခက်ကို ပြော သည်။
“၄၁ မှာဖြစ်နေတာ။ လားရှိုးအဝင် မုဒ်ဦးနားမှာ။ တစ်မြို့လုံး ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေလည်း ဖြတ်ထားတယ်” ဟု ၎င်းက ပြောသည်။
MNDAA က ရှော့တိုက်ဒုံးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်နေပြီး ၄၁ တပ်ကို ခြေကုပ်ယူထားနိုင်လျှင် လားရှိုးမြို့ထဲဝင်နိုင်ရန် နီးစပ်နေပြီဖြစ်သည်ဟု CDM ဗိုလ်ကြီးဇင်ယော်က ခန့်မှန်းပြောဆိုသည်။
“မြို့ထဲဝင်ဖို့ထက် ၄၁ ကိုရပြီး ခြေကုပ်ယူထားနိုင်တဲ့အဆင့်ကို အရင်လုပ်နိုင်ရင်ကိုပဲ လားရှိုးမြို့ကိုနီးစပ်ပြီလို့ပြောလို့ ရပါတယ်ဗျ။ ၄၁ ကိုပဲ MNDAA က ပစ်ကူပေး ဌာနအဖြစ်သုံးပြီး ကျန်တဲ့ စစ်ကြောင်းတွေကနေပြီးတော့ လားရှိုးမြို့ထဲ ကို ဝင်ထိန်းမယ်ဆိုရင်တော့ တစ်စိတ်တစ်ပိုင်းနီးလာပြီလို့ ပြောလို့ရပါတယ်” ဟု ၎င်းက ပြောသည်။
ခလရ- ၄၁ သည် သီပေါမြို့မှ အမှတ်- ၃ ပြည်ထောင်စုလမ်းမကြီးအတိုင်း လားရှိုးမြို့သို့အဝင် လားရှိုးအဝေးပြေးကား ဝင်းအနီးတွင် တည်ရှိသည့် တပ်စခန်းတစ်ခုဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်ကလည်း လားရှိုးမြို့၊ မယ်ဟန်ဂိတ်ကို MNDAA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
ပုံစာ- လားရှိုးမြို့အဝင်မုခ်ဦး