ယမင်းဖူးပွင့်အောင်
ဇူလိုင် ၁၆၊ ၂၀၂၄
ရှမ်းပြည်နယ်၊ မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းကို စတင်ခဲ့ပြီးနောက် ရက်ပေါင်း ၂၁ ရက်မှာ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်- MNDAA နှင့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA တို့သည် တရုတ်ကွန်မြူနစ်ပါတီ တတိယအကြိမ် စုံညီအစည်းအဝေးကျင်းပရန်ရှိနေခြင်းကြောင့် လေးရက်ကြာ အပစ်ရပ်ဆဲမည်ဟု ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက် ည ၁၂ နာရီတိတိမှ စတင်၍ ဇူလိုင် ၁၈ ရက်အထိ လေးရက်ကြာ အပစ်ရပ်ခြင်းဖြစ်သည်။ သို့သော် စစ်ကောင်စီ၏ထိုးစစ်များကို တုံ့ပြန်မည်ဟု အတိအလင်းဖော်ပြထားသည်။
ထို့ကြောင့် စတင်အပစ်ရပ်ခဲ့သည့် ည ၁၂ နာရီကျော်သည်အထိ ရှမ်းမြောက်နေရာအချို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
တိုက်ပွဲရပ်ခဲ့သည့် ပထမရက်အတွင်း ရှမ်းမြောက်ပိုင်းရှိ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် လားရှိုးမြို့နယ်အတွင်းက စစ်ရေးအခြေအနေများကို စုပေါင်းကောက်နုတ်ဖော်ပြလိုက်သည်။
အပစ်ရပ် ပထမနေ့ ဖြစ်ရပ်များ
***********
ယမန်နေ့ညပိုင်းက မန္တလေး-လားရှိုးလမ်းပိုင်းရှိ သီပေါမြို့နယ်ထဲက ဆင်ကျော့ကျေးရွာအုပ်စုရှိ စစ်ကောင်စီခြေလျင် တပ်ရင်း ခလရ-၂၃ စခန်းကို MNDAA က ဝင်ရောက်သိမ်းပိုက်ခဲ့သည်။ အဆိုပါ တပ်စခန်းသည် သီပေါမြို့နှင့် မိုင် ၃၀ ခန့် မိုင်းရယ်မြို့နှင့် ၁၅ မိုင်ခန့်ကွာဝေးပြီး ရှမ်းပြည်တပ်မတော်- SSPP လှုပ်ရှားနယ်မြေဖြစ်သည်။
ဇူလိုင်လ ၁၄ ရက်ညမှစတင်ကာ စစ်ကောင်စီက ရှမ်းပြည်တောင်ပိုင်းမှ ကျောက်မဲမြို့သို့ အင်အား ၃၀၀ ခန့်ဖြင့် ခြေလျင်စစ်ကြောင်းထိုးလျက်ရှိသည်။
ထို့အပြင် ယမန်နေ့တွင် စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ပန်ပေါင်း ကျေးရွာရှိ အမျိုးသားတစ်ဦး လက်နက်ကြီးကျည်စထိမှန်သေဆုံးသွားခဲ့သည်။ ထို့အပြင် နမ့်ဟူးတောင်းအထက်ရွာ၌ စစ်ဘေးရှောင်နေသည့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဒဏ်ရာရရှိသူများကို ကျောက်မဲလူမှုကူညီရေးအသင်းများမှ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။
ထို့အပြင် ယမန်နေ့ညတွင် နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က သဲခေါ်ရွာ အနီးရှိ TNLA တပ်စခန်းကို ဒရုန်းဖြင့်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု TNLA က ယမန်နေ့တွင်ထုတ်ပြန်ထား သည်။
ထို့နောက် မိနစ် ၃၀ အကြာတွင် TNLA စခန်းသို့ စစ်ကောင်စီက လက်နက်ကြီးဖြင့် သုံးကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သေး သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်- MNDAA က တစ်ဖတ်သတ်အပစ်ရပ်ကြေညာပြီးနောက် လား ရှိုးမြို့တွင် အပြန်အလှန်ပစ်ခတ်သံများ ဆက်လက်ကြားနေရဆဲဖြစ်သည်ဟု ဒေသခံများထံက သိရသည်။
ယခုအချိန်အထိ လားရှိုးမြို့ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ-၅၀၇ တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများရှိနေပြီး MNDAA တပ်များက မြို့ထဲဝင်ရန်ပြင်ဆင်နေသသည်ဟု ဒေသခံများထံက သိရသည်။
“ဖြစ်နေတုန်းပဲ။ လားရှိုးက ၅၀၇ တပ်နားမှ တိုက်ပွဲဆက်ဖြစ်နေတယ်။ MNDAA က မြို့အဝင်ထိရောက်လာတယ်။ အဲဒီ နားမှာလည်း ပစ်ခတ်တာတွေရှိနေတုန်းပဲ” ဟု ၎င်းကပြောသည်။
လားရှိုးရှိ စစ်ကောင်စီတပ်စခန်းများသို့ လေကြောင်းဖြင့် အင်အားဖြည့်တင်းမှုများရှိပြီး လေကြောင်းတိုက်ခိုက်မှုများ လည်း ပြုလုပ်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ပုံစာ- TNLA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ- သံလွင်ခက်။