စကားမောင်
ဇူလိုင် ၁၅၊ ၂၀၂၄
မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းတွင် စစ်ကောင်စီတပ်က မြို့ပေါ်ရပ်ကွက် ၅ ခုမှ ပြည်သူများနှင့် သံဃာများကို ရပ်ကွက်အတွင်းမှ ထွက်ခွာခိုင်းနေပြီး တပ်စွဲရန်ပြင်ဆင်နေသည်ဟု ဒေသခံများထံကသိရသည်။
ယနေ့ နံနက် ၁၀ ပိုင်းမှစတင်၍ စည်ပင်သာယာ၊ မင်းတံတား၊ စစ်တန်း၊ ဗိုလ်ကုန်းနှင့် ဗျူဟာကုန်းစသည့် ရပ်ကွက်တွင် နေထိုင်ကြသူများနှင့် ဘုန်းကြီးကျောင်းက သံဃာများကို ထွက်ခွာခိုင်းလျက်ရှိကာ မြို့အပေါ်စီးရှိ ဘုန်းကြီးကျောင်းများတွင် နေရာယူတပ်စွဲရန် ပြင်ဆင်ခြင်းဖြစ်သည်။
“ရပ်ကွက်ကကို ထွက်ခိုင်းတာ၊ ဘယ်မှာသွားနေနေတဲ့။ ဘုန်းကြီးကျောင်းက ကိုယ်တော်တွေကို စစ်တပ်ကထွက်ခိုင်းပြီး ခြေကုတ်ယူထားတာ။ ပစ်ကြတော့မှာမို့လို့” ဟု မင်းတံတားရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
ဒေသခံတချို့ ထွက်ခွာမှုများရှိသော်လည်း ပြောင်းရွေ့နေထိုင်စရာမရှိသူများသည် ရပ်ကွက်များတွင် ဆက်လက်နေထိုင် ကြသူများလည်းရှိသည်ဟု ဒေသခံများထံက သိရသည်။
ဒေသခံတစ်ဦးက “အခြေအနေက ပိုဆိုးလာတာ။ အများကြီးပြောင်းသွားကြပြီ။ အိမ်မှာပဲ ဆက်နေရမှာ။ RC ရှိတဲ့ အောက်ထပ်မှာပဲ ကြည့်နေရမှာပဲဗျာ။ ခေတ်ပျက်ကြီးထဲမှာ စိတ်ကုန်လိုက်တာ” ဟု ပြောသည်။
မိုးကုတ်မြို့တွင် ဇွန်လ ၂၅ ရက်မှစ၍ စစ်ကောင်စီတပ်နှင့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA ဦးဆောင်သည့် မဟာမိတ်ပူးပေါင်းတပ်များကြား တိုက်ပွဲများဖြစ်ပွားနေကာ စစ်ရှောင်နေရသော ဒေသခံထောင်ချီရှိနေသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် ကိုးကန့်တပ်မတော်နှင့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA တို့သည် ယခုရက်ပိုင်းအတွင်း လေးရက်ကြာအပစ်ရပ်ဆဲထားမည်ဖြစ်သော်လည်း မန္တလေးတိုင်းတွင် ဆက်လက်တိုက်ပွဲဖော်ဆောင်မည်ဖြစ်ဟု TNLA ၏အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်က နိုင်ငံခြားသတင်းဌာနတစ်ခုကို ယမန်နေ့က ဖြေကြားထားသည်။
ပုံစာ – မန္တလေးတိုင်းအတွင်းရှိ ဒေသခံများအား စစ်သင်တန်းပေးနေသည့် မြင်ကွင်း (ပုံအဟောင်း)