စကားမောင်
ဇူလိုင် ၁၃၊ ၂၀၂၄
မိုးကုတ်မြို့အရှေ့ပိုင်းတွင် ယနေ့မနက် ၁၁ နာရီဝန်းကျင်မှစ၍ ဒရုန်းများပျံဝဲနေကာ လက်နက်ကြီး၊ လက်နက်ငယ်များ ဆက်တိုက်ပစ်ခတ်နေပြီး တိုက်ပွဲပြင်းထန်းနေသည်ဟု မိုးကုတ်မြို့ခံများထံက သိရသည်။
“အခု မိုးကုတ်မြို့ မင်းတံတားရပ်ကွက်မှာ အခြေနေဆိုးနေပါတယ်။ အသံပဲကြားတယ် ထွက်မကြည့်ရဲဘူး။ လက်နက်ကြီးပစ်တဲ့ အချက်ရေများတယ်။ အိမ်ထဲမှာ ရှိတာလေးနဲ့ လုံခြုံအောင်နေနေရတယ်ဗျ ”ဟု မင်းတံတားရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။
မိုးကုတ်ဒေသခံများကို ဆက်သွယ်မေးမြန်းချိန်တွင် ပစ်ခတ်သံများကို တယ်လီဖုန်းကတစ်ဆင့် ကြားနေရသည်။
ဒေသခံများ၏ပြောပြချက်အရ ယနေ့ ၁ နာရီခွဲခန့်တွင် မိခင်နှင့်ကလေးများစောင့်ရှောက်ရေးအသင်းအဆောက်အဦးအနီးမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲကာ မီးလောင်လျက်ရှိသည်။ သို့သော် မီးငြိမ်းသတ်ရန် မီးသတ်ကားလာရောက်ခြင်းမရှိဟု သိရသည်။
လက်နက်ကြီးများသည် မိုးကုတ်မြို့အရှေ့ပိုင်း တောင်ကုန်းမြင့်သည့် နေရာများနှင့် ဗမွန်ရွာဘက်က ပစ်ခတ်နေသည်ဟု ခန့်မှန်းရပြီး လက်နက်ကြီးပစ်ခတ်မှုအချက် ၅၀ နှင့် အထက်ရှိနေသည်ဟု ဒေသခံများထံက သိရသည်။
“လက်နက်ငယ်သံ အဆက်မပြတ်ပါ။ အခု … အခုပါ ပေါက်ပေါက် ဖေါက်သလား ထင်နေရတယ်။ မြို့ထဲထိ ဝင်လာ သလား ထင်ရ၊ ရမ်းငွေ့တွေသန်းနေရောပဲ” ဟု နောက်ထပ်မိုးကုတ်မြို့နေ အမျိုးသားတစ်ဦးက ပြောသည်။
ယမန်နေ့ညနေတွင် မင်းတံတားရပ်ကွက် စာသင်ကျောင်းရှေ့သို့ လက်နက်ကြီးကျည်တစ်လုံးကျရောက်ခဲ့ပြီး မပေါက်ကွဲသေးဘဲရှိနေသည်ဟု မင်းတံတားရပ်ကွက်နေအမျိုးသားတစ်ဦးက သံလွင်ခက်ကိုပြောသည်။
၎င်း “အကာအကွယ်လုပ်တာ မရှိဘူး။ မနက်က စစ်သားတွေလာပြီး ဆားပုံသွားတယ်လို့ မြင်တဲ့သူတွေ ပြောကြတယ်” က ဆိုသည်။
ထို့အပြင် မင်းတံတားအနောက်ရှိ ဘိုးဘွားရိပ်သာအနီး ယမန်နေ့ညနေတွင် လက်နက်ငယ်များဖြင့် နာရီဝက်အကြာ အပြန်အလှန်ပစ်ခတ်မှုရှိခဲ့ကာ လက်နက်ကြီးများ ဆက်တိုက်ကျခဲ့သည်ဟုသိရပြီး ထိခိုက်ပျက်စီးမှုအခြေနေအား သံလွင်ခက်မှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
အသံဖိုင်- ပေးပို့