ခင်သရဖီဦး
ဇူလိုင် ၁၂၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ အဓိကတပ်ရင်းများကို AA က သိမ်းပိုက်ခဲ့ပြီးနောက် သံတွဲမြို့ထဲနှင့် အနီးအနားရှိ ကျေးရွာတချို့ကို စစ်ကောင်စီကလေကြောင်းက ဗုံးကြဲတိုက်ခိုက်သဖြင့် လူတချို့ ထိခိုက်သေဆုံးမှုများရှိသည်ဟု ဒေသခံများထံက သိရသည်။
ယမန့်နေ့ ဇူလိုင် လ ၁၁ ရက် တစ်ရက်တည်းတွင် သံတွဲမြို့ရှိ အံတော်၊ ဗော်ဓိကုန်း၊ ငကျော်တောင် စသည့်ရပ်ကွက်များနှင့် ဂျိတ္တော၊ ပဒဲနေရာများအား စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲခဲ့သဖြင့် ဒေသခံ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ပဒဲကောရွာက ဟင်းရှာရောင်းသည့် အမျိုးသမီးတစ်ဦးသည်လည်း လက်နက်ကြီးထိမှန်၍ သေဆုံးခဲ့သည်ဟု သံတွဲမြို့ခံတစ်ဦးက ပြောသည်။
“မနေ့က တရက်တည်းမှာ ထိခိုက်ဒဏ်ရာရတာက ၁၀ ယောက်လောက်ရှိတယ်။ မနေ့က ပဒဲကောကိုလက်နက်ကြီးကျတယ်။ ဟင်းရှာရောင်းတဲ့ အစ်မတစ်ယောက်ထိတယ် သေတယ်။ တခြားလူတွေကလည်း ဒဏ်ရာရကြတယ်” ဟု ၎င်းက ဆိုသည်။
ထိခိုက်သေဆုံးမှုအခြေအနေများကို အတိအကျသိရှိနိုင်ရန် သံလွင်ခက်မှ အတည်ပြုနိုင်ရန် ကြိုးစားဆဲဖြစ်သည်။
လက်ရှိတွင် သံတွဲမြို့သိမ်းတိုက်ပွဲများဖြစ်ပွားနေသဖြင့် လက်ကျန်ဒေသခံတချို့လည်း မြို့မှထွက်ခွာနေသည်ဟု အမျိုးသမီးတစ်ဦးက ဆိုသည်။
“ဒီနေ့ ကျွန်မတို့ အိမ်ကိုထားပြီး ထွက်လာပါပြီ။ ကိုယ်တို့နဲ့နီးတဲ့နေရာတွေကို လက်နက်ကြီးတွေကျတယ်။ ကိုယ့်အိမ်ကိုလည်း ဘယ်နေ့ကျလာမလဲဆိုပြီး ကြောက်နေရတာ။ အခုကတော့ ဘေးလွတ်ရာကို သွားနေပါတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီအနေဖြင့် လက်ရှိတွင် မြို့နှင့် AA ရှိနိုင်သည့်ဟု ယူဆသည့်နေရာများအား ရေတပ်၊ လေယာဥ်များဖြင့် ပစ်ခတ်မှုများရှိနေသည်ဟု ဒေသခံများထံက သိရသည်။ ထို့ပြင် စစ်ကောင်စီသည် လက်ကျန်တပ်ဖွဲ့ဝင်များစုပေါင်း၍ သံတွဲမြို့နှင့်အနီးပတ်ဝန်းကျင်တွင် ခုခံစစ်ပြင်ဆင်လျက်ရှိသည်။
ပြီးခဲ့သည့် ဇွန် ၂၇ မှစတင်၍ အာရက္ခတပ်တော်- AA သည် သံတွဲမြို့ရှိ ခမရ- ၅၆၆ နှင့် စစ်ကောင်စီတပ်ရင်း ခလရ- ၅၅ ကို အပြီးသတ်သိမ်းပိုက်ထားသည်။
ပုံ- ဗုံးကြဲခံရသည့် အံတော် အထက ၂ ကျောင်းအား တွေ့ရစဥ်။ ဓာတ်ပုံ- ကျော်စော်သွေးဖေ့စ်ဘွတ်ခ်