စကားမောင်
ဇူလိုင် ၁၁၊ ၂၀၂၄
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှ စစ်ရှောင်လာသူများသည် မိုးကုတ် – မတ္တရာလမ်းတစ်လျှောက်တွင် ပိတ်မိနေသည်မှာ ၁၁ ရက်ကြာရှိနေပြီဟု ဒေသခံများထံက သိရသည်။
မိုးကုတ်စစ်ရှောင်များသည် မန္တလေးအသွားလမ်းရှိ ဇရပ်ကွင်း၊ လိပ်ကျကျေးရွာများတွင် လူဦးရေတစ်သောင်းကျော်ပိတ်မိနေသည်ဟု ကူညီပေးနေသူများထံက သိရသည်။
“လမ်းဖွင့်တာက ပုံသေမရှိပါဘူး။ တိုက်ပွဲအခြေအနေအရ အဖွင့်အပိတ်လုပ်ပေးတယ်” ဟု စဉ့်ကူးမြို့နယ်၊ ရွှေပြည်ကျေးရွာကိုရောက်နေတဲ့ မိုးကုတ်စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
မိုးကုတ်မြို့၏စစ်ရှောင်ထွက်ပေါက်လမ်းများဖြစ်သည့် ပြင်ဦးလွင်နှင့် မိုးမိတ်လမ်းပိုင်းများမှာ တိုက်ပွဲများကြောင့် ပိတ်ထားသကဲ့သို့ ယခုအခါ မတ္တရာ-မန္တလေးလမ်းပိုင်းသည်လည်း တိုက်ပွဲများကြောင့် ထပ်မံပိတ်မိနေခြင်းဖြစ်သည်ဟု သိရသည်။
လမ်းဖွင့်ချိန်ခဏတွင် ဆိုင်ကယ်ဖြင့်ထွက်လာကြသည့် စစ်ရှောင်များသည် ဘောလုံးကြီးတွင်နှစ်ည၊ လိပ်ကျတွင် ခြောက်ည၊ ချောင်းကြီးတွင်တစ်ည၊ ရွှေပြည်တွင် တစ်ညအိပ်စက်ခဲ့ရပြီး မန္တလေးမြို့ကိုရောက်ရှိခဲ့သူများလည်းရှိသည်ဟု သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်ကစပြီး မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်နှင့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA တို့ကြား တိုက်ပွဲများဖြစ်ပွားနေကာ စစ်ဘေးတိမ်းရှောင်နေရသော ဒေသခံထောင်ချီရှိပြီး မြို့ထဲ၌ ပိတ်မိနေသူတချို့လည်းရှိသည်ဟု သိရသည်။
လက်ရှိတွင် စစ်ကောင်စီ၏ ခလရ- ၁၄၈ တပ်ရင်းက တပ်ဖွဲ့ဝင်များသည် မိုးကုတ်မြို့ အဝင်အထွက်ကို ပိတ်ထားသည့်အတွက် စားသောက်ရေး အခက်ကြုံနေကြရသည်ဟု ဒေသခံများထံမှ သိရသည်။
“(မိုးကုတ်) မြို့ထဲကိုလည်းပေးမဝင်ဘူး၊ မြို့ထဲကလည်းပေးမထွက်ဘူး။ စားသောက်ကုန်ပြတ်နေပြီဆိုတာ သိသိကြီးနဲ့ မြို့ထဲကို စားသောက်ကုန်ပေးမသွင်းဘူး။ ဘာကိုရည်ရွယ်တာလဲ အနုနည်းနဲ့ အသေသတ်နေတာလား”ဟု မိုးကုတ်မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
မိုးကုတ်မြို့ထဲတွင် ဖုန်းလိုင်း၊ အင်တာနက်၊ လျှပ်စစ်မီး၊ ဆန်၊ ဆီနှင့် အခြားစားသောက်ကုန်များ ဝယ်ယူ၍မရဖြစ်နေသည်ဟု ဒေသခံများထံက သိရသည်။
ပုံစာ- စဉ့်ကူးမြို့နယ်တွင် ပိတ်မိနေသည့် မိုးကုတ်စစ်ရှောင်များ။ ဓာတ်ပုံ- ပေးပို့။