ယမင်းဖူးပွင့်အောင်
ဇူလိုင် ၁၁၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာက အသက် (၁၆) နှစ်အရွယ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂအဖွဲ့ဝင်လူငယ် ကိုမြင့်မြတ်ဦးအသတ်ခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံကိုဖော်ထုတ်ပြီး အရေးယူဆောင်ရွက်ပေးရန် မိသားစုဝင်များက တောင်းဆိုလိုက်သည်။
ကိုမြင့်မြတ်ဦး၏ ဖခင်ဖြစ်သူက “ကျွန်တော့်သားကို ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့သူကိုတော့ အမှုမှန်ပေါ်ပေါက်စေ ချင်ပါတယ်” ဟု သံလွင်ခက်ကို ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့ညနေပိုင်းတွင် ကိုမြင့်မြတ်ဦးသည် အင်တာနက်အသုံးပြုရန် နေအိမ်မှ ရွာထဲကိုသွားခဲ့ပြီး နောက် ညအိပ်ချိန်ကျော်သည်အထိ ပြန်မရောက်ခဲ့သဖြင့် မိသားစုဝင်များက လိုက်လံရှာဖွေခဲ့ကြသည်ဟု ဖခင်ဖြစ်သူက ပြောသည်။ ထို့သို့ရှာဖွေရာမှ နောက်တစ်နေ့နံနက် ၂ နာရီဝန်းကျင်တွင် ဓားဒဏ်ရာများစွာဖြင့် သေဆုံးနေသည့် ကို မြင့်မြတ်ဦး၏ရုပ်အလောင်းကို မိသားစုဝင်များကတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
“ဖုန်းခေါ်လို့လည်းမရတာကြောင့် သူသွားတတ်တဲ့နေရာတွေလိုက်ကြည့်တာ တွေ့တာပါပဲ” ဟု ဖခင်ဖြစ်သူက ပြော သည်။
သေဆုံးသူ ကိုမြင့်မြတ်ဦး၏ ရုပ်အလောင်းကို ဝက်လက်မြို့နယ်၊ ပသုံးလုံးအဖွဲ့ဝင်များကို အကြောင်းကြားပြီး အိမ်သို့ သယ်ယူခဲ့ကာ ယမန်နေ့က သဂြိုလ်ခဲ့သည်ဟု မိသားစုထံက သိရသည်။
ကိုမြင့်မြတ်ဦးရုပ်အလောင်းတွင် နဖူးကိုပင့်ပြီးရိုက်ခံထားရသည့် ဒဏ်ရာတစ်ချက်၊ ညာလက်မောင်းတွင် ဓားဒဏ်ရာ နှစ်ချက်နှင့် လည်ပင်းတွင် ဓားဖြင့်ထိုးပြီး ဆွဲဖြဲထားသည့်ဒဏ်ရာ (ပြတ်လုဆဲ) တွေ့ရှိခဲ့ပြီး လက်ကိုင်ဖုန်းပျောက်ဆုံးနေသည်ဟု ဗကသများအဖွဲ့ချုပ်၊ ဥက္ကဌကိုအောင်ပြည့်စုံဖြိုးက ပြောသည်။
ထို့အပြင် ကိုမြင့်မြတ်ဦးသည် NUG ပညာရေးတွင် ပညာသင်ယူနေသည့် Grade-11 ကျောင်းသားဖြစ်သည့် အတွက် သက်ဆိုင်ရာဌာနများကို အိတ်ဖွင့်စာပို့အကြောင်းကြားထားသည်ဟု ၎င်းက ဆက်ပြောသည်။
“NUG ပညာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနဲ့ ကာကွယ်ရေးဝန်ကြီးဌာန အဲဒီ့ဝန်ကြီးဌာနသုံးခုကို အဓိက ဒီကိစ္စနဲ့ပတ် သက်ပြီး အမြန်ဆုံးစိစစ်ပေးဖို့ တောင်းဆိုထားပါတယ်” ဟု ၎င်းက ဆိုသည်။
စိုင်နိုင်ကြီးကျေးရွာသည် ဝက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ ထိန်းချုပ်နယ်မြေဖြစ်ပြီး လုံခြုံရေးလည်း တင်းကျပ်ထားသည့်အတွက် လူစိမ်းများအလွယ်တကူဝင်ရောက်ကျူးလွန်ရန်မဖြစ်နိုင်ဟု ဒေသခံများထံကသိရသည်။
ဓာတ်ပုံ-ဗကသများအဖွဲ့ချုပ်။