ခင်သရဖီဦး
ဇူလိုင် ၁၁၊ ၂၀၂၄။
ရခိုင်ပြည်နယ်ရှိ မြို့နယ်တချို့တွင် KBZ Pay၊ Wave Pay ငွေလွှဲငွေထုတ်ခနှုန်းထားများ စျေးမြင့်တက်နေဆဲဖြစ်သည်ဟု ဒေသခံများထံက သိရသည်။
အာရက္ခတပ်တော်- AA ထိန်းချုပ်ထားသည့် ၁၀ မြို့နယ်များအပြင် စစ်တွေကဲ့သို့ မြို့များတွင်လည်း ဘဏ်လုပ်ငန်းများရပ်တန့်သွားပြီးနောက် KBZ Pay၊ Wave Pay များဖြင့်သာ ငွေလွဲငွေထုတ်များ လုပ်ဆောင်နေကြခြင်းဖြစ်သည်။
သံလွင်ခက်မှ ဆက်သွယ်မေးမြန်းထားသည့် မြောက်ဦး၊ ပေါက်တော၊ မင်းပြားမြို့နယ်များတွင် လက်ရှိကျပ်တစ်သိန်းလျှင် ထုတ်ခ ၉,၅၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်အထိ ရှိနေသည်ဟု ယင်းဒေသခံများထံက သိရသည်။
“အခုက Kpay၊ Wave pay က ငွေထုတ်ရတာ မလွယ်တော့ဘူး။ စစ်တပ်က လမ်းတွေအကုန် ပိတ်ထားတော့ ပိုဆိုးတာပေါ့။ အခုက နေရာတိုင်းက ထုတ်မရဘူး။ တစ်မြို့ကနေ တစ်မြို့သွားပြီ လုပ်နေရတော့ ခရီးစရိတ်တွေများပြီး စျေးပိုတက်တာပေါ့ ” ဟု မြောက်ဦးမှ ဒေသခံတစ်ဦးက ဆိုသည်။
ပေါက်တော မြို့ခံတစ်ဦးက ၎င်းတို့မြို့တွင် ကျပ်ဆယ်သိန်းအတွက် လွှဲခ တစ်သိန်းအထိပေးခဲ့ရကြောင်း ပြောသည်။
“မနေ့က ဆယ်သိန်းလွဲတာ၊ ထုတ်ခက တစ်သိန်းပေးခဲ့ရတယ်။ ကျွန်တော်တို့ အနေနဲ့က ငွေတစ်သိန်းက လွယ်တာမဟုတ်ဘူး။ ဒါပေမဲ့ တိုင်းပြည်မှာဖြစ်နေတဲ့ စျေးဆိုတော့ ဘာမှလည်း မပြောနိုင်ပါဘူး” ဟု ၎င်းက ဆိုသည်။
ပေါက်တောနယ်ခံ ငွေလွဲငွေထုတ်လုပ်ကိုင်နေသူတစ်ဦးကလည်း မြေပုံ၊ မင်းပြားစတဲ့ မြို့များသို့ စက်လှေဖြင့် သွားလာရခြင်းကြောင့် ဒီဇယ်ဆီ စျေးတက်နေခြင်းကြောင့် ဈေးပိုနေရခြင်းဖြစ်သည်ဟု ဆိုသည်။
“ငွေထုတ်ဖို့အတွက်က မလွယ်တော့ဘူး။ မြေပုံဖက်က အဓိက ငွေထုတ်ကြတော့ ထုတ်တဲ့လူတွေများပြီး ငွေပြတ်သွားရင် တစ်နေ့ တစ်မျိုး စျေးထိုးတက်လာတာပဲ။ မနေ့က တစ်သိန်းကို ၈,၀၀၀ ကနေ ဒီနေ့ ၉၅၀၀ ဖြစ်သွားတယ်။ အဲဒါတောင် ငွေသားက ရှာမရဘူး။ စောင့်နေရသေးတယ်” ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ရန်ကုန်အပါအဝင် မြို့ကြီးများတွင် ငွေသားပြတ်လပ်မှုများရှိနေပြီး Kpay များ ထုတ်ယူမရဖြစ်နေကြသည်။
ဓာတ်ပုံ- KTYPO