သံလွင်ခက်
ဇူလိုင် ၁၀၊ ၂၀၂၄
နိုင်ငံတကာကျန်းမာရေးအဖွဲ့အစည်းများမှ အမျိုးသားညီညွှတ်ရေးအစိုးရ – NUG ကို ကလေးသူငယ်များအတွက် ကာကွယ်ဆေးထောက်ပံ့ခြင်းမရှိခဲ့ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးမှ ပြောသည်။
ယနေ့တွင် ပြုလုပ်ခဲ့သည့် “ပြည်သူ့အစိုးရ၏လူသားစာနာအရေးကျိုးပမ်းဆောင်ရွက်မှု၊ ပြည်သူ့ကျန်းမာရေး စိန်ခေါ်ချက်နှင့် မျှော်လင့်ချက်များ” အွန်လိုင်း သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးမှ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ယူနီဆပ်ဖ်၊ WHO အဖွဲ့အစည်းတွေကနေ ကာကွယ်ဆေးတစ်လုံးမှမရပါဘူး။ ကာကွယ်ဆေးကို ကိုင်တွယ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ အကြိမ်းပေါင်များစွာဆွေးနွေးခဲ့တယ်။ မရဘူး” ဟု ဒေါက်တာဇော်ဝေစိုးက ပြောသည်။
NUG အနေဖြင့် ကာကွယ်ဆေးထိုးရန် ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များရှိသော်လည်း ကာကွယ်ဆေးဝယ်ယူရန် ဈေးကြီးတာ၊ အရည်အသွေးစစ်ဆေးရသည့် အခက်အခက်များရှိနေသည်ဟု ဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။
လတ်တလောတွင် NUG အစိုးရအနေဖြင့် ရှေ့ပြေးစီမံကိန်းတစ်ခုအဖြစ် ကရင်နီဒေသတွင် ကလေး ၂,၀၀၀ ကျော်ကို ကာကွယ်ဆေးထိုးပေးခဲ့ပြီး စစ်ကိုင်း၊ မကွေးတိုင်းအတွင်းမှ မြို့နယ်တစ်ချို့ရှိ ကလေးသူငယ် ၂၀,၀၀၀ ကျော်ကို ပြည်သူ့ငွေကြေးအရင်းအမြစ်များမှ ကာကွယ်ဆေးထိုးပေးခဲ့သည်ဟု ဝန်ကြီးက ပြောသည်။
“ဒါက ဘာမှ မဟုတ်တဲ့ ပမာဏပါ။ မထိုးနိုင်တဲ့ ကလေး ၄ သန်းကျော်ရှိပါတယ်။ ဒါက နိုင်ငံအနာဂတ်အတွက် မကောင်းနိုင်တဲ့ အလားအလာပါ” လို့ ဝန်ကြီးက ပြောသည်။
ကာကွယ်ဆေးရရှိမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် ယခင် NLD အစိုးရလက်ထက်တွင် ၉၅ ရာခိုင်နှုန်း လွှမ်းခြုံနိုင်မှုရရှိခဲ့ပြီး ကိုဗစ်ကာလတွင် ၈၅ ရာခိုင်နှုန်းရှိခဲ့သည်ဟု ဝန်ကြီးက WHO ၏အစီရင်ခံစာတစ်ချို့ကို ကိုးကားပြီး ဝန်ကြီးက ပြောကြားခဲ့သည်။
သို့သော် လက်ရှိ အာဏာသိမ်းကာလမှာ ကာကွယ်ဆေးရရှိမှု ၂၅ ရာခိုင်နှုန်းသာ လွှမ်းခြုံနိုင်ခဲ့သည်ဟု ဝန်ကြီးက ထောက်ပြခဲ့သည်။