သဇင်
ဇူလိုင် ၈၊၂၀၂၄
အာရက္ခတပ်တော် AA သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှ စတင်ခဲ့သည့် ရခိုင်ဒေသတွင်းထိုးစစ် ၇ လ ကျော် ကာလအတွင်း စစ်ရေးအရအရေးပါသည့် မြို့ (၁၀) မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့သည်။
“အာရက္ခဒေသတစ်ခုလုံးအတွင်း၌ ဖက်ဆစ်စစ်ကောင်စီ၏တပ်များအားလုံး အနှေးနှင့်အမြန်ကင်းစင်ရမည်” ဆိုသည့် ရည် မှန်းချက်ဖြင့် AA သည် ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်တွင် ချင်းပြည်နယ်တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေးစတင် ခဲ့ပြီး ရခိုင်-ချင်းအစပ် စစ်ရေးအရအရေးပါသည့် ပလက်ဝမြို့နယ်ကို ယခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်တွင် ပထမဦးဆုံး သိမ်းပိုက်ရရှိခဲ့သည်။
ပလက်ဝမြို့ကို ထိန်းချုပ်ပြီးနောက် အာရက္ခတပ်တော်-AA သည် ရခိုင်ပြည်နယ်၊ မြောက်ပိုင်းရှိ မြို့နယ်များဖြစ်သည့် ပလက်ဝ (ချင်းပြည်)၊ ပေါက်တော၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နှင့် ရခိုင်ပြည်တောင်ပိုင်းရှိ ရမ်းဗြဲများကို သိမ်းပိုက်နိုင်ခဲ့သည်။
ရခိုင်ပြည်နယ်တွင် သိမ်းပိုက်ရရှိခဲ့သည့် မြို့များ
*************
ရခိုင်ဒေသစစ်ဆင်ရေး နှစ်လအကြာတွင် မြို့တော်စစ်တွေနှင့် နယ်မြေနီးစပ်သည့် ပေါက်တောမြို့ကို အာရက္ခတပ်တော်က ဇန်နဝါရီလ ၁၉ ရက်တွင် ပထမဦးဆုံးသိမ်းယူနိုင်ခဲ့သည်။
ပေါက်တောမြို့ကို သိမ်းပိုက်ပြီးနောက် ရက် ၂၀ အကြာ ၂၀၂၃ ဖေဖော်ဝါရီလ ပထမအပတ်နှင့် ဒုတိယအပတ် အတွင်း မြောက်ဦး၊ မင်းပြား၊ ကျောက်တော်မြို့တို့ကို ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်။
မင်းပြားမြို့နယ်ကို ထိုးစစ်ဆင်ရာတွင် AA သည် မင်းပြားမြို့ရှိ ခမရ-၃၈၀ ကို ဇန်နဝါရီလ ၂၈ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး ခမရ- ၃၇၉ နှင့် ၅၄၁ တပ်ရင်းတို့ကို ဖေဖော်ဝါရီ ၆ ရက်တွင် သိမ်းပိုက်ထိန်းချုပ်နိုင်သဖြင့် မင်းပြားမြို့ကိုလည်း AA အလုံးစုံ ထိန်းချုပ်နိုင်ခဲ့သည်။
ထို့အပြင် ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်ကောင်စီ၏ တောင်ပြို (လက်ဝဲ) ဗျူဟာကုန်းနှင့် တောင်ပြို (လက်ယာ) စခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု AA ထုတ်ပြန်ချက်အရသိရသည်။
ထို့နည်းတူ မြောက်ဦးမြို့အခြေစိုက် စကခ- ၉ လက်အောက်ခံ ခမရ- ၅၀၄ တပ်ရင်းကို ဖေဖော်ဝါရီ ၂ ရက်၊ (၃၇၈) တပ်ရင်း ကို ဖေဖော်ဝါရီ ၅ ရက်၊ (၃၇၇) တပ်ရင်းကို ဖေဖော်ဝါရီ ၇ ရက်တွင် အာရက္ခတပ်တော်က သိမ်းပိုက်ရရှိခဲ့ပြီး အမှတ် (၃၁) တပ်ရင်းကိုလည်း ဖေဖော်ဝါရီ ၈ ရက်တွင် ရရှိခဲ့သဖြင့် မြောက်ဦးမြို့ကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။
ကျောက်တော်မြို့တွင်လည်း စစ်ကောင်စီတပ်မဌာနချုပ်၊ တပ်ရင်း၊ တပ်စခန်းများအားလုံးကို AA က ဖေဖော်ဝါရီ ၇ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ကျောက်တော်မြို့ကို အလုံးစုံကို ထိန်းချုပ်နိုင်ပြီဟု ဖေဖော်ဝါရီလ ၁၃ ရက်ညပိုင်းတွင် ကြေညာခဲ့သည်။
ထို့နောက် အာရက္ခတပ်တော် AA က မြေပုံမြို့ရှိ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက်စခန်းအားလုံးကို ထိန်းချုပ်နိုင်ခဲ့သည်ဟု ဖေဖော်ဝါရီလ ၁၅ ရက်တွင် ထပ်မံကြေညာခဲ့သည်။
အဆိုပါ မြို့၆ မြို့ကို သိမ်းပိုက်ပြီးနောက် စစ်တွေမြို့နှင့် အနီးဆုံးမြို့ဖြစ်သည့် ပုဏ္ဏားကျွန်းမြို့နယ်က တစ်ခုတည်းသော စစ်ကောင်စီတပ်ရင်းဖြစ်သည့် အမှတ် (၅၅၀) ခြေမြန်တပ်ရင်းကို မတ်လ ၄ တွင် သိမ်းယူခဲ့သည်။
ထို့အပြင် ရခိုင်ပြည်နယ်တောင်ပိုင်းရှိ ရမ်းဗြဲမြို့ကိုလည်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၈ ရက်မှစတင်ကာ AA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်လကျော်အကြာ မတ်လ ၆ ရက်တွင် ရမ်းဗြဲမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
ရမ်းဗြဲမြို့သည် ရခိုင်ဒေသစစ်ဆင်ရေးအတွင်း လေကြောင်းဒဏ်အခံရဆုံးမြို့ဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုများကြောင့် မီးလောင်မှုအကြိမ်ကြိမ်ဖြစ်ပွါးခဲ့သလို ထိခိုက်ပျက်စီးမှုများခဲ့သည်။
ရခိုင်တိုက်ပွဲစတင်ပြီး ၅ လခန့်အကြာတွင် ရခိုင်ပြည်နယ်ဘူးသီးတောင်မြို့ရှိ ဘူးသီးတောင်ဗျူဟာဌာနချုပ်အပါအဝင် ဗျူဟာလက်အောက်ခံတပ်ရင်း၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်းနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်-ဒကစ (စစ်တွေ) လက် အောက်ခံဘူးသီးတောင်အခြေစိုက်တပ်ရင်းအပါအဝင် စခန်းအားလုံးကို မတ်လ ၁၈ ရက်တွင် တစ်ခုမကျန်သိမ်းပိုက်နိုင်ခဲ့သည်။
ဘူးသီးတောင်ဗျူဟာဌာနချုပ်အပါအဝင် အမတ (၃၇၈)၊ ခမရ (၂၃၄)၊ ခမရ (၃၄၅)၊ ခမရ (၃၅၂) တပ်ရင်းတွေ၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်းနဲ့ GE တပ်ရင်းများကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
မတ်လအတွင်း ရသေ့တောင်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ၃ ခုဖြစ်သည့် ခမရ (၅၃၆)၊ (၅၃၇)နှင့် (၅၃၈) တပ်ရင်းတို့ ကို ကြည်း၊ ရေ၊ လေ ပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန်ခုခံနေတဲ့ကြားမှ အပြီးသတ်သိမ်းပိုက်ပြီး မတ်လ ၁၇ ရက်တွင် ရသေ့တောင်မြို့နယ်ကိုလည်း ထိန်းချုပ်နိုင်ခဲ့သည်။
လတ်တလောတွင် ရခိုင်ပြည်တောင်ပိုင်း သံတွဲမြို့ကို အာရက္ခတပ်တော် AA က အလုံးစုံထိန်းချုပ်နိုင်ရေးအတွက် ပြင်ဆင်နေ ပြီး စစ်ကောင်စီတပ်နှင့် နှစ်ဘက်တိုက်ပွဲပြင်းထန်နေသည်။
ထိုတိုက်ပွဲများကြားမှ ဇူလိုင်လ ၅ ရက်တွင် ငပလီ (မဇင်) လေဆိပ်ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။
အဆိုပါလေဆိပ်သည် တော်လှန်ရေးကာလအတွင်း တိုင်းရင်းသားလူမျိုးစုတပ်ဖွဲ့များမှ ပထမဦးဆုံး သိမ်းပိုက်နိုင်သည့် လေဆိပ်ဖြစ်လာသည်။
အာရက္ခတပ်တော် AA သည် ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်တွင် သံတွဲမြို့နယ်၊ ရေစင်ကျေးရွာ (ရီစင်) နှင့် ဂွေ့ချောင်းကျေး ရွာကြား၌ စစ်ကောင်စီ ခလရ (၅၅) နှင့်တိုက်ပွဲဖြစ်ပွားချိန်မှစပြီး သံတွဲမြို့သိမ်းတိုက်ပွဲကို စတင်ခဲ့ခြင်းဖြစ်သည်။
သံတွဲမြို့ကို နှစ်လကျော်ကြာ ထိုးစစ်ဆင်ပြီးနောက် သံတွဲအခြေစိုက် ခမရ (၅၆၆) တပ်ရင်းနှင့် သံတွဲမြို့အနီး ပတ်ဝန်းကျင်ရှိ စစ်ကောင်စီတပ်စွဲထားသော စခန်းတို့ကို သိမ်းပိုက်ရရှိထားသည်။
သံတွဲမြို့ကို အလုံးစုံထိန်းချုပ်နိုင်ရန် ခလရ (၅၅) တပ်ရင်းတစ်ခုနှင့်အတူ အကြွင်းအကျန်တပ်ရင်းများကို ထိုးစစ်ဆင်နေသည်ဟု ယမန်နေ့က AA က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – AA Info Desk