သံလွင်ခက်။
ဇူလိုင် ၈ ၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ရှိ စစ်ကောင်စီအထိုင်စခန်း နှစ်နေရာကို တော်လှန်ရေးတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူ့စစ်အဖွဲ့ဝင်နှစ်ဦးဖမ်းဆီးရမိခဲ့သည်ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA (အနောက်မြောက်စစ်ဒေသ) က ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင် ၇ ရက် နံနက်ပိုင်းတွင် ပုလဲမြို့ထဲရှိ စစ်ကောင်စီတပ်သားများ တပ်စွဲနေထိုင်လျက်ရှိသော စုပေါင်းရုံး၊ ရဲစခန်းနေရာ နှစ်နေရာကို တော်လှန်ရေးပူးပေါင်းတပ်များက တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စုပေါင်းရုံးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့်ရှိပြီး ရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင် ၂၀ ဝန်းကျင်ခန့်ရှိသည်ဟု PLA (အနောက် မြောက်စစ်ဒေသ) ပြောရေးဆိုခွင့်ရှိသူ၊ ရဲဘော်မြင့်နိုင်က သံလွင်ခက်သတင်းဌာနကို ပြောသည်။
“အရင်တုန်းကလို အဝေးက ပစ်တာမျိုးတွေလုပ်တာမဟုတ်ဘူး မနေ့ကကြတော့ ရန်သူရဲ့ အထိုင်ချနေတဲ့ နေရာနှစ်နေ ရာရဲ့ အခြေထိကို ကပ်ပြီးတော့ အဓိကကတော့ မီတာ ၁၀၀ အတွင်းထိကို ကပ်ပြီးတော့ ပစ်ခတ်ခဲ့တာပေါ့။
ရန်သူဘက် ကနေပြီးတော့ ကျွန်တော်တို့ကို လက်နက်ကြီးနဲ့ ပြန်ပြီး ဖိအားပေးခဲ့တယ် အဲ့ ၃ နာရီအတွင်းမှာ ရန်သူလက်နက်ကြီး တွေကို တော်လှန်ရေး ရဲဘော်တွေက ကြံ့ကြံ့ခိုင်ပြန်ခုခံခဲ့တယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ စစ်ဆင်ရေးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (အနောက်မြောက်စစ်ဒေသ)၊ အမှတ် (၈၁၅) တပ်ဖွဲ့ပြည် သူ့လွတ်မြောက်ရေးတပ်မတော် (အနောက်မြောက်စစ်ဒေသ)၊ မြန်မာနိူင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ် တပ်ဦး- ABSDF၊ Column 3 တပ်ရင်း ၁၄ (ချင်းတွင်းဒေသ)၊ ဗမာ့လွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး – BLDF၊ ဒေါင်းနက်နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့၊ ရပ်ရွာတော်လှန်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် နှစ်ဦးနှင့် မသင်္ကာသူတချို့ကို စစ်ဆေးမှုများလုပ်ဆောင်ရန်ခေါ်ဆောင်ခဲ့ပြီး ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့-ပအဖများထံ အပ်နှံခဲ့သည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များထံက သိရသည်။
ပုလဲမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကိုဇော်ထက်က “သုံးဦးကတော့ စကစနဲ့ပတ်သက်မှုမရှိတော့ ပြန် လွှတ်လိုက်တယ်။ ကျန်တဲ့ နှစ်ဦးက တော့လောလောဆယ်အနေထားအရကတော့ သူတို့စစ်ကောင်စီနဲ့ပတ်သက်ခဲ့တာ သတင်းပေးလုပ်ခဲ့တာ အနေထားတွေရှိတော့ လောလောဆယ် အဲ့နှစ်ယောက်ကို မြို့နယ် ပကဖ၊ ပအဖကနေထိန်းသိမ်းထားမှာပေါ့နော် ” ဟုဆိုသည်။
အဆိုပါ နှစ်ဦးကို ထိန်းသိမ်းစစ်ဆေးပြီးနောက် ပြည်သူထုနှင့် တော်လှန်ရေးအပေါ် ကြီးမားစွာထိခိုက်မှုများလုပ်ဆောင်ခဲ့ပါက ဥပဒေအရ အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ပုလဲမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖအဖွဲ့ ဝင်များထံက သိရသည်။