ယမင်းဖူးပွင့်အောင်
ဇူလိုင် ၈၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် စစ်ရှောင်ရန်ထွက်ခွာသူများပြားနေသဖြင့် လားရှိုး-မန္တလေးလမ်းပေါ်ရှိ မယ်ဟန်ဂိတ်အနီးတွင် ကားအစီးရေထောင်နှင့်ချီပိတ်မိနေသည်ဟု ဒေသခံများထံက သိရသည်။
လားရှိုးမြို့ရှိ ခြေမြန်တပ်ရင်း -၅၀၇ ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်-MNDAA က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကြောင့် မြို့နေပြည်သူများက အလျင်အမြန်နေရပ်စွန့်ခွာနေကြသည်ဟု လားရှိုးမြို့ခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“ကားတန်းတအားရှည်တယ်။ ကားတွေထောင်ချီတယ်။ ၁၅ မိုင် မိုင် ၂၀ လောက်ထိ ကားတန်းရှည်တယ်။ ၅၀၇ သိမ်းပြီဆိုတဲ့သတင်းတွေကြောင့်ဖြစ်ပါလိမ့်မယ်။ မနေ့ညကလေယာဉ်နဲ့ပစ်လိုက် ပြန်ဆုတ်လိုက် ပြန်ဝင်လိုက်ပေါ့။ အပြင်ကနေလည်း ရှော့တိုက်ဒုံးတွေနဲ့ပစ်တာတော့ရှိတယ်” ဟု ၎င်းက ပြောသည်။
လားရှိုး-မန္တလေးလမ်းပေါ်ရှိ မယ်ဟန်ဂိတ် တစ်လမ်းတည်းကသာ မြို့ပြင်ထွက်လို့ရပြီး အဆိုပါ ဂိတ်ကို စစ်ကောင်စီကအချိန်နှင့်ဖွင့်ပေးကာ အခြေအနေပေါ်မူတည်၍ ပိတ်ထားခြင်းများလည်းရှိသည်ဟု ၎င်းကဆက်ပြောသည်။
“၆ နာရီကနေ ၉ နာရီထိဖွင့်ပေးတယ်။ အဲဒီ့တစ်လမ်းပဲရှိတယ်။ မြို့ရဲ့ သုံးပုံနှစ်ပုံလောက်ကရှောင်နေကြပြီ။ ခြောက်ကပ်နေတာပဲ” ဟု ၎င်းကဆိုသည်။
လားရှိုးမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများကလည်း လက်နက်ကြီးများဖြင့် ပစ်ကူလျက်ရှိရာ နေအိမ်များသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများလည်းရှိသည်ဟု ဒေသခံများထံက သိရသည်။
ခမရ- ၅၀၇ တပ်ရင်းကို MNDAA တပ်ဖွဲ့က ပြင်းပြင်းထန်ထန်တိုက်ခိုက်နေဆဲဖြစ်ပြီး လားရှိုးမြို့နှင့် ၁၆ မိုင်အကွာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည်ဟု CDM ဗိုလ်ကြီးဇင်ယော်က ဆိုသည်။
“တချို့အဖွဲ့တွေက ရွှေ့ပြောင်းနေတာလည်းရှိတယ်။ သို့သော် ၅၀၇ သည်မရသေးဘူးလို့ပဲပြောရမယ်။ အခု MMDAA ဘက်ကလည်း မတူညီတဲ့အရပ်မျက်နှာဘက်ကနေ စစ်ကြောင်းချီလာတာ လားရှိုးနဲ့ ၁၆မိုင်အကွာမှာ ထိတွေ့မှုရှိနေပါတယ်” ဟု ၎င်းက ပြောသည်။
ယခုလဆန်းပိုင်းမှစ၍ လားရှိုးမြို့အနီးတွင် MNDAA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူ ၂၀ ခန့်သေဆုံးခဲ့ရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့ကလည်း အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံခြေလျင်တပ်ရင်း ခလရ (၂၉၁) ကို MNDAA က သိမ်းပိုက်ထားသည်။
ပုံစာ- လားရှိုး-မန္တလေးလမ်းပေါ် တွင် ပိတ်မိနေသည့် ကားများ။