ခင်သရဖီဦး
ဇူလိုင် ၆၊ ၂၀၂၄
ရခိုင်ပြည်၊ သံတွဲမြို့နယ်တို့တွင် တိုက်ပွဲရှောင်နေသည့်ဒေသခံများ၏နေအိမ်များ ဖောက်ထွင်းခိုးယူခံရမှုများရှိနေသည်ဟု သံတွဲစစ်ရှောင်ဒေသခံများထံမှ သိရသည်။
“အိမ်တွေက လူမရှိတဲ့ အိမ်ဆို ရပ်ကွက်တိုင်းက ဖောက်ခံရပါတယ်။ ရပ်ကွက်တိုင်း နီးပါးပါပဲ။ သူတို့ကရတဲ့ ပစ္စည်းယူသွားပါတယ်။ မီးဖိုးချောင်းက ပစ္စည်းတွေကအစ တစ်ခုမကျန်အကုန်ကို မသွားကြတာ” ဟု သံတွဲဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
ယင်းဖောက်ထွင်းမှုများသည် တိုက်ပွဲများကြောင့် စစ်ရှောင်လာရသည့် ပြီးခဲ့သည့် မေလနောက်ဆုံးအပတ်မှ စတင်ကာ သံတွဲမြို့ပေါ်ရပ်ကွက် (၈) ခုနှင့် ဂျိတ်တော၊ လင်းသာ၊ မြပြင်ရွာများတွင် ဆိုင်ကယ်၊ ရေခဲသေတ္တာ၊ ပန်ကာ၊ အဝတ်အထည်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ ခိုးယူခံနေရခြင်းဖြစ်သည်။
ဂျိတ်တောရွာမှ နေအိမ်ဖောက်ခံရသည့် အမျိုးသမီးတစ်ဦးကလည်း “ဖြစ်တဲ့နေတော့ အတိအကျမသိပါ။ အိမ်မှာက လူ တွေမရှိတော့လေ။ ကျွန်မတို့ အိမ်ဖောက်ခံရတယ်ဆိုပြီး အမျိုးတွေဆီကတစ်ဆင့် သတင်းရတာပါ။ အိမ်က ပစ္စည်းတွေတော့ အကုန်ပါသွားပါတယ်” ဟု ဆိုသည်။
သံတွဲမြို့တွင် လက်ရှိအချိန်အထိ စစ်ကောင်စီတပ်က လုံခြုံရေးချထားပြီး မြို့ဝင်မြို့ထွက်တွင် စစ်ဆေးရေးဂိတ်များချထားသည်ဟု အမှတ် ၁ ရပ်ကွက်မှ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“မြို့ကတော့ အဝင်အထွက် ဝင်လုပ်လို့ရပါတယ်။ မှတ်ပုံတင်ပြရတယ်။ တချို့လူတွေကျတော့ ပြန်လာနေတာရှိတယ်။ ပစ္စည်းတွေ ဘာတွေဝင်ယူမယ်ပြောပြီး ဝင်တော့ ခိုးပြီးမှထွက်ကြတာ ပိုကောင်းတာပေါ့။ အိမ်တွေ အဖောက်ခံရ တာက အခုရက်ပိုင်း ပိုပြီးကြားနေရတယ်” ဟု ၎င်းက ဆိုသည်။
သံတွဲမြို့နယ်များမှ ဒေသခံများမှာ ငပလီကမ်းခြေတစ်လျှောက်တွင် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲများကြောင့် မြို့ခံများနှင့် ကျေးရွာများမှ ဒေသခံထောင်နှင့်ချီ နေရပ်စွန့်ခွာနေကြသည်။
ဓာတ်ပုံ- ကောင်းမြတ်စိုး၏ဖေစ့်ဘွတ်ခ်