ယမင်းဖူးပွင့်အောင်
ဇူလိုင် ၅၊ ၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့အနီးက နွားမွေးမြူရေးခြံတစ်ခြံကို ယနေ့တွင် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့သည်ဟု ဒေသခံများထံက သိရသည်။
“နွားခြံနားကို လာကြဲသွားတာပါ။ လက်ရှိတော့ ဒေသခံတွေ လုံခြုံရေးသတိ ထားနေရတယ်” ဟု ဒေသံခံတစ်ဦးက ပြောသည်။
ကွတ်ခိုင်မြို့အဝင် လွိုင်ဆမ်ဆစ်တောင်ခြေအနီးရှိ နွားမွေးမြူရေးခြံကို ယနေ့နေ့လည် ၁ နာရီခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးသုံးလုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဗုံးကြဲခံခဲ့ရသည့်နေရာသည် ယခင်က တရုတ်ပြည်ထဲသွင်းမည့် ကျွဲ၊ နွားများကို စိစစ်သည့်နေရာဖြစ်ပြီး လူထိခိုက်သေဆုံးမှုမရှိဟု သိရသည်။
ကွတ်ခိုင်မြို့ဒေသခံ ဈေးသည်တစ်ဦးက “ကျွန်မတို့က ဈေးထဲမှာ ဈေးရောင်းနေတာဆိုတော့ လေယာဉ်သံလောက်ပဲ ကြားလိုက်တယ်။ ခုတော့ ဈေးဆိုင်တွေက ဖွင့်ထားတုန်းပဲ။ တချို့ဆိုင်တွေတော့ပိတ်နေကြတယ်။ လူသေတာတော့ မကြားမိဘူး” ဟု ၎င်းက ပြောသည်။
ယမန်နေ့နေ့လည်ကလည်း စစ်ကောင်စီ၏ လေကြောင်းရန်ကို စိုးရိမ်သဖြင့် ကွတ်ခိုင်နှင့် နမ့်ခမ်းမြို့များရှိ စာသင် ကျောင်းများကို ခေတ္တပိတ်ထားကြရန် TNLA တပ်ဖွဲ့ဝင်များက အသိပေးပြောဆိုထားသည်။
ပုံစာ – ဗုံးကြဲခံရသည့် နွားခြံ