သဇင်
ဇူလိုင် ၅၊ ၂၀၂၄
မန္တလေး – မိုးကုတ်လမ်းပိုင်း၊ ဇရပ်ကွင်းကျေးရွာတွင် ပိတ်မိနေသည့် မိုးကုတ်စစ်ဘေးရှောင်ထောင်ချီ အစားအသောက် အကူအညီများလိုအပ်နေသည်ဟု အကူအညီပေးနေသူများထံမှ သိရသည်။
ဇရပ်ကွင်းနှင့် လိပ်ကျကျေးရွာကြားတွင် မိုးကုတ်စစ်ဘေးရှောင် ၂,၀၀၀ ခန့် ရောက်ရှိနေပြီး ၎င်းတို့သည် မန္တလေးမြို့သို့ စစ်ရှောင်ရန် ပြင်ဆင်နေသော်လည်း မိုးကုတ်-မန္တလေးကားလမ်းရှိ စဉ့်ကူး၊ လက်ပန်လှ၊ မတ္တရာမြို့တွင် တိုက်ပွဲများ ပြင်းထန်နေသောကြောင့် ပိတ်မိနေခြင်းဖြစ်သည်။
“ဘုန်းကြီးကျောင်းနဲ့အိမ်တွေမှာ စစ်ဘေးရှောင်တွေအပြည့်ပဲ။ တပ်ဦးကျောင်းမှာတော့ အလှူရှင်မရှိလို့ တချို့အခက် အခဲရှိပါတယ်။ အဓိက ခက်ခဲတာကတော့ အစားအသောက်ပါ။ ပရဟိတအသင်းတွေ ဦးဆောင်ပြီး ဓမ္မာရုံမှာ တစ်နေ့ နှစ်နပ်ကျွေးပါတယ်။ လူများတော့ လုံလောက်မှုတော့ မရှိဘူးပေါ့” ဟု ဇရပ်ကွင်းတွင်ရောက်ရှိနေသည့် မိုးကုတ်စစ်ဘေးရှောင်တစ်ဦးက သံလွင်ခက်ကိုပြောသည်။
စစ်ရှောင်များသည် သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်း ကိုးကျောင်း၊ ဓမ္မာရုံများနှင့် ရပ် ကွက်အတွင်းရှိ ဒေသခံနေအိမ်များတွင် စစ်ဘေးရှောင်များ အပြည့်အလျှံဖြစ်နေသည်ဟု ကူညီသူများထံက သိရသည်။
“ဒီနေ့က ဆန်လှူဖို့ လိုက်ရှာဝယ်တာတောင်မှ တစ်ဆိုင်မှာ ပြည် ၂၀၊ တစ်ဆိုင်မှာ ဆန် နှစ်အိတ်ပဲရခဲ့တယ်။ မလောက်မှာ စိုးလို့ ဆန်ကြာဇံအထုပ် ၂၀ ဝယ်ခဲ့ရတယ်။ ဆီဆိုရင် လုံးဝပြတ်နေတာ” ဟု ကူညီသူတစ်ဦးက ဆိုသည်။
လက်ရှိ ဇရပ်ကွင်းတွင် ဆီတစ်ပိဿာ ၅၀,၀၀၀ ကျပ်၊ ဆန်တစ်အိတ် ၁၆၀,၀၀၀ ကျပ် အထိ ဈေးနှုန်းမြင့်တက်နေ သည့်အပြင် ပစ္စည်းပြတ်လတ်မှုများလည်းကြုံတွေ့နေရသည်ဟု ၎င်းက ဆက်ပြောသည်။
ဇရပ်ကွင်းကျေးရွာ၊ တပ်ဦးကျောင်းဆရာတော်စကားကို ကိုးကားပြီး ကူညီသူတစ်ဦးက “သူ့ကျောင်းက မပြည့်စုံ မချက် ကျွေးနိုင်လို့ အားနာမိပါတယ်။ နေဖို့နဲ့ ညဘက်ဖုန်းအားသွင်းရအောင် အလင်းရအောင် ညနေ ၆ နာရီကနေ ၉နာရီအထိ မီးစက်ခုတ်ပေးထားပါတယ်။ ကျောင်းမှာ စစ်ဘေးရှောင် ၂၀၀ လောက်ရှိပါတယ်”ဟု ပြန်ပြောပြသည်။
မိုးကုတ်စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ဇွန် ၃၀ ရက်ကတည်းက ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကျကျေးရွာအကြားတွင် ပိတ်မိနေခြင်းဖြစ်ပြီး မိုးကုတ်မြို့အနောက်ပိုင်းအထွက်ရှိ ခလရ- ၁၄၈ နှင့် မိုးကုတ်- မန္တလေးလမ်းပေါ်ရှိ လိပ်ကျကျေးရွာရှိ စစ်ကောင်စီတပ်တို့က နှစ်ဘက်လမ်းပိုင်းတွင် ပိတ်ဆို့ထားသည်ဟု ဒေသခံများကပြောသည်။
ပုံစာ- စစ်ဘေးရှောင်များအတွက် တပ်ဦးဘုန်းကြီးကျောင်းသို့ ဆန်လှူနေသည့် မြင်ကွင်း။ ဓာတ်ပုံ-ပေးပို့