ယမင်းဖူးပွင့်အောင်
ဇူလိုင် ၅၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တိုက်ပွဲများကြောင့် ဒေသခံများ နေရိပ်စွန့်ခွာရှောင်တိမ်းမှု များပြားနေသဖြင့် ကားခဈေးနှုန်းများ မြင့်တက်လျက်ရှိနေသည်ဟု ဒေသခံများထံက သိရသည်။
လားရှိုးမြို့မှ မန္တလေးနှင့် တခြားနီးစပ်မြို့များကို ရှောင်တိမ်းနေရခြင်းဖြစ်ကာ စစ်တပ်နှင့်အနီးဆုံးရပ်ကွက်များဖြစ် သည့် ရပ်ကွက် ၄၊ ၅၊ ၉၊ ၁၀၊ ၁၂ တွင် နေထိုင်ကြသူများဖြစ်သည်။
“မနက်ဖြန်ထွက်ဖို့ကို မေးကြည့်နေတာ ဈေးနဲ့တင် တော်တော်စဉ်းစားရဦးမယ်။ အခုက သွားတဲ့ကားတွေလည်းများပြီး မိုးကလည်းရွာတော့ ပိုဆိုးတာပေါ့။ ခုထိတော့ စစ်တပ်နဲ့မနီးတဲ့ မြို့ပေါ်ကနေရာတွေက နေလို့အဆင်ပြေပါသေးတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးမှ သံလွင်ခက်ကို ယနေ့နေ့လည် ၁ နာရီခန့်က ပြောသည်။
လတ်တလောတွင် လူတစ်ဦးချင်းကို ကားလက်မှတ်ရောင်းချခြင်းမရှိတော့ဘဲလားရှိုး-မန္တလေး ကားစင်းလုံးငှါးခမှာ ကျပ် ၁၅ သိန်းကနေ ၁၈ သိန်းအထိ ရှိနေသည်ဟု လားရှိုး-မန်းလေးပြေးဆွဲနေသည့် ကားသမားများထံက သိရသည်။
ယခင်က လားရှိုး-မန်းလေး ကားခမှာ လူတစ်ဦးလျှင် တစ်သိန်းကျပ် ဈေးရှိသော်လည်း ယခုတိုက်ပွဲများကြောင့် လေးဦးဆန့် အိမ်စီးကားငယ်များသာ ပြေးဆွဲလျက်ရှိသည်ဟု ၎င်းတို့က ပြောသည်။ လူတစ်ဦးလျှင် ကားခ ကျပ်လေးသိန်းခွဲနှုန်းခန့် ကျသွားသည်။
“အခု စစ်ရှောင်ရတဲ့ အကြောင်းရင်းကလဲ ဘယ်သူပစ်မှန်းကိုမသိတဲ့ ရှော့တိုက်ဒုံးတွေကြောင့် ပြည်သူတွေထိန်လန့်ပီး စစ်ရှောင်ကြတာများပါတယ်။ မြို့ထဲကျချင်တဲ့နေရာကျနေတာ။ တော်တော်ကိုဆိုးတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
လက်ရှိအချိန်တွင် MPT ဖုန်းလိုင်းမှလွဲ၍ အခြားဖုန်းလိုင်းများပြတ်တောက်နေပြီး အင်တာနက်လိုင်းများလည်း ကောင်းမွန်ခြင်းမရှိဟု ဒေသခံများထံက သိရသည်။
လားရှိုးမြို့အနီးဝန်းကျင်တွင် လွန်ခဲ့သည့် သုံးရက်ခန့်မှစ၍ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်- MNDAA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး ပြည်သူ ၂၀ ဦးခန့် ထိခိုက်သေဆုံးခဲ့သည်။
ဓာတ်ပုံ – ပေးပို့