စကားမောင်
ဇူလိုင် ၄၊ ၂၀၂၄။
မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်းတွင် ယနေ့ည ၉ နာရီခန့်မှစ၍ လက်နက်ကြီးများဆက်တိုက်ကျပြီး လေယာဉ်များပျံဝဲနေသည်ဟု မိုးကုတ်မြို့ခံများထံမှသိရသည်။
“အခုမီးလုံးအကြီးစားအတန်းလိုက်ကြီးပစ်လိုက်တာ။ အသံကြီးကော လန့်စရာကြီး ကောင်းကင်တစ်ခုလုံးကိုနီသွားတာဘဲ”ဟု မိုးကုတ်မြို့ခံ အမျိုးသားတစ်ဦးက သံလွင်ခက်ကိုပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်မှလေယာဉ် နှစ်ခေါက်ပျံသန်းခဲ့ပြီး လက်ရှိတွင်လေကြောင်းမှ တိုက်ခိုက်ခြင်းမရှိသေးဟု ၎င်းက ဆိုသည်။
“လေကြောင်းကနေတော့ မပစ်ဘူး။ ဒါကကင်းထောက်လေယာဉ်မို့လို့လားတော့မသိဘူးဗျ၊ အိမ်ကလူတွေလည်းငြိမ်နေကြရတာ”ဟု ၎င်းကပြောသည်။
လက်ရှိတွင် မိုးကုတ်မြို့၌ဖုန်းလိုင်းများပြတ်တောက်နေပြီး အဆက်အသွယ်များပြုလုပ်၍မရဘဲ ခက်ခဲလျက်ရှိဟုသိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း မိုးကုတ်၊ ကျောက်မဲနှင့် နောင်ချိုမြို့များတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA၊ မဟာမိတ်ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများပြင်းထန်နေဆဲဖြစ်သည်ဟု မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံကပြောသည်။