ထွယ်
ဇူလိုင် ၄၊ ၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် နမ့်ပေါင်တိုက်နယ်ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သဖြင့် နှစ်ရက်အတွင်း ဒေသခံအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးကာ နောက်ထပ်ဒေသခံလေးဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
“မနေ့မနက် တိုက်ပွဲဖြစ်ခါစ ဒရုန်းကျပြီး အဒေါ် ခြေထောက်ပြတ်ပြီး ပွဲချင်းပြီးဆုံးသွားတယ်။ ဒီနေ့က ဦးလေးအိမ်လက်နက်ကြီးကျပြီး ဦးလေးဆုံးသွားတယ်” ဟု နမ့်ပေါင်ကျေးရွာဒေသခံအမျိုးသမီးတစ်ဦးက သံလွင်ခက်ကိုပြောသည်။
ယမန်နေ့နံနက်ပိုင်းမှစတင်၍ စစ်ကောင်စီ၏ ခ.လ.ရ – ၂၉၁ တပ်ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်- MNDAA တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ရက်အတွင်း နမ့်ပေါင်ကျေးရွာမှ အမျိုးသားတစ်ဦး၊ အမျိုးတစ်ဦးသေဆုံးခဲ့ပြီး အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် ဒေသခံလေးဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
လက်နက်ကြီးနှင့် ဒရုန်းများဗုံးများကြောင့် နမ့်ပေါင်တံတားထိပ်ရှိ ဥက္ကဌနေအိမ်၊ ကျန်းမားရေးရုံးနှင့် မြို့လယ်ရှိ ဘုန်းကြီးကျောင်းများ ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယနေ့ညနေပိုင်းတွင်လည်း နမ့်ပေါင်ကျေးရွာ၏ဝေဟင်တွင် ဒရုန်း သုံးစီးနှင့်အထက်ပျံဝဲနေပြီး ဗုံးများလည်းကြဲချနေကာ လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်လျက်ရှိသည်ဟု ဒေသခံအမျိုးသားတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ဒီနေ့လည်း လေယာဉ်နဲ့ လာပစ်တယ်။ ခုထိလည်း ဘယ်ကနေ ဘယ်ကို လက်နက်ကြီးနဲ့ပစ်တာလည်းတော့မသိဘူး ဖြစ်နေကြတုန်းပဲ” ဟု ၎င်းက ပြောသည်။
လတ်တလောတွင် နှစ်ဖက်တိုက်ပွဲများပြင်းထန်နေသဖြင့် နမ့်ပေါင်ကျေးရွာ ဒေသခံပြည်သူ ၂၀၀ ခန့်မှာ နမ့်မကျေးရွာ ဘက်သို့ တိုက်ပွဲတိမ်းရှောင်သွားပြီး အချို့ဒေသခံများမှာ ကျေးရွာတွင်းကျန်ရှိလျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။
နမ့်ပေါင်ရွာကျေးရွာသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စုတွင် တည်ရှိ ပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ နမ့်ပေါင်ကျေးရွာအုပ်စုတွင် လူဦးရေစုစုပေါင်း ၇,၀၀၀ ခန့်နေထိုင်သည့် ကျေးရွာအုပ်စုဖြစ်သည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယလှိုင်းအဖြစ် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မ တော် – TNLA နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားနေစဉ် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မ တော်- MNDAA တပ်ဖွဲ့ဝင်များက လားရှိုးမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုတွေ စတင်လာခြင်းဖြစ်သည်။
ဓာတ်ပုံ- ပေးပို့