သဇင်
ဇူလိုင် ၄၊၂၀၂၄
တိုက်ပွဲပြင်းထန်နေသည့် မိုးကုတ်မြို့တွင် ဖုန်းလိုင်းများပြတ်တောက်နေပြီး တစ်ခုတည်းသော အဆက်အသွယ်ရနေသည့် Mytel ဖုန်းဆင်းကဒ်ကို ဈေးတင်ရောင်းချနေပြီး တန်းစီဝယ်ယူနေရသည်ဟု ဒေသခံများထံမှ သိရသည်။
“ဖုန်းလိုင်းက Mytel ပဲ ရတယ်။ ကဒ်ဝယ်မရလို့ တစ်ကဒ်ကို ၄၀,၀၀၀ လောက်နဲ့ ရောင်းတဲ့သူရှိတယ်” ဟု ဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်က တိုက်ပွဲပြင်းထန်ပြီးနောက် နှစ်ရက်မြောက်တွင် MPT၊ ATOM နှင့် Ooredoo ဆင်းကဒ်များ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့ပြီး ဒေသခံများ ဆက်သွယ်ရေးခက်ခဲနေခြင်းဖြစ်သည်။
အဓိက အင်တာနက်ဝိုင်ဖိုင်လိုင်းအများစုလည်း ပြတ်တောက်နေပြီး ဝိုင်ဖိုင်လိုင်းနှစ်ခုသာ ရရှိသည်ဟု ဒေသခံများထံက သိရသည်။
ယနေ့ဇူလိုင်လ ၄ ရက်နေ့လည် ၃ နာရီခွဲခန့်၌ မိုးကုတ်မြို့အရှေ့ပိုင်းတွင် သေနတ်သံများ၊ လက်နက်ကြီး ပစ်ခတ်မှုများရှိနေသည်ဟု ဒေသခံများကပြောသည်။