(အယောင်ဆောင်ငွေလိမ်တောင်းခံနေမှုများ ရပ်တန့်ရန် AA သတိပေးထား)
ခင်သရဖီဦး
ဇူလိူင် ၄၊ ၂၀၂၄။
ရခိုင်ပြည်၊ စစ်ကောင်စီထိန်းချုပ်ထားဆဲ မြို့များဖြစ်သည့် တောင်ကုတ်နှင့် သံတွဲတို့တွင် ULA/ AA အမည်သုံးပြုကာ စီးပွားရေးလုပ်ငန်းရှင်များထံ ငွေကြေးလိမ်လည်တောင်းခံခြင်းများရှိသည်ဟု ULA/AA နှင့် နီးစပ်သူတစ်ဦးကပြော သည်။
”အခုလိုမျိုးကိစ္စက ရှိနေပါတယ်။ ဟိုတယ်ကိစ္စလိုမဟုတ်ဘူးပေါ့နော်။ တခြားစီးပွားရေးလုပ်ငန်းတွေဆီကလည်း ULA/ AA က ဆိုပြီး ဖုန်းဆက်ပြီးတော့ ငွေတောင်းတာတွေက မကြာမကြာကြားနေရပါတယ်” ဟု ၎င်းက သံလွင်ခက်က ပြောသည်။
တောင်ကုတ်မြို့တွင်လည်း ယင်းကဲ့သို့ ငွေကြေးလိမ်လည်တောင်းခံမှုများရှိနေကြောင်း တောင်ကုတ်ဒေသခံတစ်ဦးက ဆိုသည်။
”ULA/AA က ဆိုပြီးမှ ဖုန်းဆက်ပြီး ငွေပေးရမယ် ဘာညာပေါ့။ အဲ့လို လှမ်းတောင်းတာတွေရှိနေတယ်။ ကျနော်တို့ အနေနဲ့က အဲ့တာတွေက ULA/ AA က လူတွေလာ AA က တကယ့်တောင်းတာလား၊ မတောင်းဘူးလား သေချာ မပြောနိုင်ဘူး။ တောင်းနေတာတွေတော့ ခဏခဏ ကြားရတယ် ” ဟု ၎င်းက ဆိုသည်။
ငပလီတွင် တိုက်ပွဲကြောင့် မေလ ပထမပတ်မှစတင်ကာ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများအား ရပ်တန့်လျက်ရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်ကလည်း ငပလီပတ်ဝန်းကျင်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းရှင်များထံမှ ULA/AA အမည်သုံး ၍ အတင်းအဓမ္မ ငွေလိမ်လည်တောင်းခံကောက်ယူနေကြောင်း AA က ထုတ်ပြန်ထားခဲ့သည်။
AA ၏ထုတ်ပြန်ချက်တွင် မသမာသူအုပ်စုတစ်စုသည် AA အမည်သုံး၍ ငွေညစ်မှုများနှင့် ငွေလိမ်လည်မူများရှိနေကြောင်း ဖော်ပြထားသည်။
AA အနေဖြင့် သံတွဲ ငပလီတွင် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းရှင်များထံမှ ယခုကဲ့သို့ အခွန်ကောက်ခံခြင်း၊ ငွေကြေးတောင်းခံခြင်း မရှိသည့်အတွက် ယင်းကဲ့သို့ ကိစ္စများ ရှိလျှင်လည်းULA/AA ဗဟိုဌာနချုပ်နှင့် သံတွဲဒေသ တာဝန်ခံများထံသို့ အချိန်မရွေး တိုက်ရိုက်ဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်ကြောင် ဖော်ပြထားသည်။
ယင်းအပြင် တောင်းခံသူများ အနေဖြင့်လည်း ချက်ချင်း ရပ်တန့်ရန် ULA/AAက သတိပေးထာသည်။
ငွေလိမ်တောင်းခံရခြင်းနှင့်ပတ်သက်၍ ဟိုတယ်လုပ်ငန်းရှင်တချို့နှင့် စီးပွားရေးလုပ်ငန်းရှင်တချို့အား သံလွင်ခက်မှဆက်သွယ် မေးမြန်းရာတွင် တစုံတရာ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
အာရက္ခတပ်တော်အနေဖြင့် သံတွဲမြို့ရှိ စစ်ကောင်စီ၏ စခန်းများအပါအဝင် တခြားမြို့များရှိ သိမ်းပိုက်ရန်ကျန်ရှိနေ သော စစ်စခန်းများအားလုံးကို မရပ်မနား ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ရခိုင်တွင် တိုက်ပွဲများဆက်လက် ပြင်းထန်နေသည်။