ရေဖြူတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အထိအခိုက်ရှိ
************
သဇင်
ဇူလိုင် ၃၊၂၀၂၄
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် အထူးစီပွားရေးဇုန်ဒေသရှိ လဲရှောင်ရွာအနီး စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာသောကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ကာကွယ်ရေးဘက်မှ သုံးဦးထက်မနည်းကျဆုံးကာ စစ်ကောင်စီဘက်ကလည်း လေးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိသည်ဟု ဒေသခံများထံမှသိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁ ရက်တွင် အထူးစီးပွားရေးဇုန်အနီးရှိ ခမောင်းချောင်းရွာမှ လဲရှောင်ကျေးရွာသို့ တစ်ဖန်စစ် ကြောင်းထိုးလာချိန် ဇွန်လ ၂ ရက် မနက် ၉ နာရီခန့်တွင် လဲရှောင်နှင့် ဧကနိရွာကြား၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များနှင့် မိနစ် ၃၀ အကြာ နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တကြော့ပြန်စစ်ကြောင်းထိုးမှုကြောင့် လဲရှောင်ကျေးရွာအပါအဝင် ဧကနိ၊ ထိန်ကြီး၊ ခမောင်းချောင်း၊ မျောက်ချောစသည့်ရွာများမှ ဒေသခံထောင်ချီ ထပ်မံတိမ်းရှောင်နေရသည်ဟု လဲရှောင်ကျေးရွာမှ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ဆိုသည်။
“ဒီတခေါက်ဖြစ်တာ ရွာနဲ့က တော်တော်လေးနီးတယ်ဆိုတော့ ရွာထဲလက်နက်ကြီးပစ်မှာကြောက်လို့ ရှောင်ပြေးဖြစ်တာ။ ရှေ့တစ်ခေါက် ပြန်ဝင်လာတာတောင် အခုဆိုရင် (၅) ရက်ပဲရှိသေးတယ်။ ခုတစ်ခါထပ်ရှောင်ရပြန်ပြီ။ လူတိုင်းပဲ ရှောင်ရင်းပြေးရင်း တစ်လပြီးတစ်လ ဒီလိုနဲ့ပဲ သွားနေတာပဲ” ဟု ၎င်းကဆိုသည်။
ထို့နောက် ယင်းစစ်ကြောင်းသည် လဲရှောင်ကျေးရွာနှင့် ၆ မိုင်ခန့်ဝေးသည့် ဘဝါကျေးရွာသို့ရောက်ရှိနေပြီး ယနေ့ ဇွန်လ ၃ ရက်တွင်လည်း စစ်ရေးတင်းမာနေကာ လဲရှောင်ကျေးရွာဘက်ကို ပြန်လည်စစ်ကြောင်းထိုးရန် ထပ်မံပြင်ဆင် နေသည်ဟု ရေဖြူမြို့နယ်ဒေသခံတစ်ဦးက ဆိုသည်။
“ဘဝါဘက်ကို ရောက်နေတာ တိုက်ပွဲထပ်ဖြစ်နေသေးတယ်။ စစ်ကြောင်းက ပြန်လှည့်ပြီး လဲရှောင်ဘက်ကို ပြန်ဝင်ဖို့ လုပ်နေတယ်” ဟု ဒေသခံက ယနေ့ ၁၁ နာရီခွဲခန့်တွင် သံလွင်ခက်ကို ဖုန်းကတဆင့်ပြောသည်။
ပြီးခဲ့သည့် ဇွန် ၂၂ က ရေဖြူမြို့နယ်ကို စစ်ကောင်စီတပ်သည် စစ်ကြောင်း သုံးကြောင်းဖြန့်ကာ စစ်ကြောင်းထိုးလျက်ရှိပြီး အင်အား ၈၀ ခန့်ရှိသည့် စစ်ကြောင်းတစ်ကြောင်းသည် အထူးစီးပွားရေးဇုန်အနီးနားက ကျေးရွာများကို ဒုတိယအကြိမ် ယမန်နေ့က ထပ်မံစစ်ကြောင်းထိုးလာခြင်းကြောင့် ဒေသခံများတိမ်းရှောင်ရခဲ့သည်ဟု သိရသည်။
တိုက်ပွဲဖြစ်ပွားနေသည့် တနင်္သာရီတိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ စစ်ဘေးရှောင် ၆၀,၀၀၀ နီးပါးရှိလာသည်ဟု တနင်္သာရီတိုင်းအခြေအနေများကို သုတေသနပြုလုပ်နေသည့် FE5 Tanintharyi ထုတ်ပြန်ထားသည်။
ပုံစာ- လဲရှောင်ကျေးရွာရှိ ဒေသခံများ။ ဓာတ်ပုံ- နဘုလယ်တိုက်နယ်
****
Telegram- > https://t.me/ThanLwinKhetNews/4924
YouTube -> https://youtu.be/Ir8-ctjMetc?si=RLNUmY8IUqPWifQp
Website -> https://thanlwinkhet.net/?p=10682