လားရှိုးမြို့အနီးတိုက်ပွဲပြင်းထန်နေပြီး ဒေသခံ ခြောက်ဦးသေဆုံး
*********
ယမင်းဖူးပွင့်အောင်
ဇူလိုင် ၃၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အနီးတွင် စစ်ကောင်စီနှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်- MNDAA တို့ကြားတိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေသခံခြောက်ဦးသေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယနေ့နံနက်အစောပိုင်းကလည်း လားရှိုးမြို့၊ ရပ်ကွက် (၁) သာယာလမ်းထဲရှိ နေအိမ်တစ်လုံးကို လက်နက်ကြီးကျ ရောက်ပေါက်ကွဲခဲ့ရာ နေအိမ်ရှိ မိသားစုအားလုံး သေဆုံးခဲ့ရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“လေးယောက်ကတော့ ပွဲချင်းပြီးသေသွားတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ ဆေးရုံရောက်မှဆုံးတာလို့ကြားတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် ယနေ့တစ်ရက်တည်း၌ပင် လားရှိုးမြို့ ဂေါက်ကွင်းကို လက်နက်ကြီးထပ်မံကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်သေဆုံးမှုတော့ မရှိပေ။
တိုက်ပွဲဖြစ်ပွားချိန်မှစ၍ လက်ရှိအချိန်အထိ လားရှိုးမြို့ပေါ်မှ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူပေးနေသည်ဟု ဒေသခံများက ဆိုသည်။
ယမန်နေ့ညနေ ၅ နာရီခန့်မှစ၍ လားရှိုးအနီးတစ်ဝိုက်ရှိ နမ့်ပေါင်၊ အီနိုင်း၊ မိုင်းတင်၊ ရှန်ခိုက်စသည့်နေရာများတွင် တိုက်ပွဲပြင်းထန်နေပြီး နမ့်ပေါင်နှင့်မိုင်းရယ်မြို့ကြားရှိ နမ္မဗောဓတံတားလည်း ကျိုးသွားသည်ဟု ဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ဘယ်ဘက်ကလုပ်တာလဲတော့မသိဘူး။ စစ်ကောင်စီဘက်က လားရှိုးမြို့ထဲဝင်မလာနိုင်အောင် လမ်းတွေပိတ်ပြီး တံတားဖျက်ထားတာထင်တယ်” ဟု ၎င်းက ပြောသည်။
လားရှိုး-မိုင်းယော်လမ်း ကောင်းဟုန်ကျေးရွာအနီးတွင်လည်း ကုန်ကားများ ပြန်လှည့်လို့မရဘဲ ပိတ်မိနေပြီး ကားများထားခဲ့ကာ MNDAA က ဘေးလွတ်ရာတိမ်းရှောင်ခိုင်းထားသည်ဟု ယာဉ်မောင်းများထံက သိရသည်။
ဓာတ်ပုံ – TNLA
****
Telegram- > https://t.me/ThanLwinKhetNews/4922
YouTube -> https://youtu.be/Ir8-ctjMetc?si=RLNUmY8IUqPWifQp
Website -> https://thanlwinkhet.net/?p=10673