တစ်ပတ်အတွင်း ကျောက်မဲမြို့နေပြည်သူ ၄,၀၀၀ ကျော် နေရပ်စွန့်ခွာတိမ်းရှောင်ရ
**********
ယမင်းဖူးပွင့်အောင်
ဇူလိုင် ၂၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် တစ်ပတ်အတွင်း စစ်ရှောင်ပြည်သူ လေးထောင်ကျော်ရှိလာပြီဖြစ်သည်ဟု မြေပြင်သတင်းကောက်ယူနေသည့် လူမှုအဖွဲ့အစည်းများထံက သိရသည်။
ကျောက်မဲမြို့နေ ပြည်သူများ၏ ၄၀ ရာခိုင်နှုန်းခန့်က ကျောက်မဲမြို့အနီးကျေးရွာများအပြင် ပြင်ဦးလွင်၊ မန္တလေး၊ တောင်ကြီး၊ ရန်ကုန်စသည့်နေရာများတွင် စစ်ဘေးတိမ်းရှောင်နေကြခြင်းဖြစ်သည်ဟု အမျိုးသားဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“စစ်ဘေးရှောင်တာကတော့ ကျောက်မဲမြို့လူဦးရေရဲ့ လေးဆယ်ရာခိုင်နှုန်းလောက်ပေါ့။ လေးဆယ်ရာခိုင်နှုန်းလောက်မှာ မန္တလေးတို့၊ တောင်ကြီးတို့ အဲ့လိုအဝေးကိုထွက်သွားတာကတော့ ၁၀ ရာခိုင်နှုန်းလောက်ရှိမယ်။ ကျောက်မဲမြို့ပတ် ချာလည်၊ စစ်ရှောင်စခန်းအခု ၃၀ နီးနီးမှာ ရှောင်နေတာတွေကတော့ ၃၀ ရာခိုင်နှူန်းလောက်ရှိမယ်။ မြို့ထဲမှာတော့ ၆၀ ရာခိုင်နှုန်းလောက်ကျန်သေးတယ်” ဟုပြောသည်။
ကျောက်မဲမြို့အနီးရှိ သီပေါမြို့နှင့် နောင်ချိုမြို့များတွင်လည်း တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် စစ်ဘေးရှောင်ဦးရေနှင့် အလှူရှင်အရေအတွက် မမျှဘဲ စားဝတ်နေရေးလိုအပ်ချက်များလည်းရှိနေသည်ဟု ၎င်းကဆက်ပြောသည်။
“အရင်တုန်းကတော့ ကိုယ့်ရဲ့မြို့ထဲက အလှူရှင်တွေက လှူကြတာပေါ့။ အခုက တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ဘယ်သူမှ လည်းမလာနိုင်ဘူး။ အဝေးကနေ k-pay လေးနဲ့ ပရဟိတအသင်းလေးတွေကိုပဲလှူနေရတော့ စားရေးသောက်ရေး အဆင်မပြေလှဘူးပေါ့” ဟုပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့မှစ၍ ကျောက်မဲမြို့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA မဟာ မိတ်ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီက ကျောက်မဲမြို့ကို လေ ကြောင်းတိုက်ခိုက်မှု၊ ဗုံးကြဲတိုက်ခိုက်မှုများလည်း ပြုလုပ်လျက်ရှိသည်။
ထို့ပြင် ယမန်နေ့ ဇူလိုင်လ ၁ ရက်နေ့ကလည်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပုံစာ – ကျောက်မဲမြို့တွင် စစ်ရှောင်နေသည့် ပြည်သူများ။ ဓာတ်ပုံ- ပေးပို့
****
Telegram- > https://t.me/ThanLwinKhetNews/4921
YouTube -> https://youtu.be/Ir8-ctjMetc?si=RLNUmY8IUqPWifQp
Website -> https://thanlwinkhet.net/?p=10665