မတ္တရာရှိ စစ်ကောင်စီ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း အပါအဝင် ရှစ်ခုထက်မနည်း မန်းကာကွယ်ရေးတပ်မတော် သိမ်းပိုက်
***********
စကားမောင်
ဇူလိုင် ၂၊ ၂၀၂၄
မန္တလေးတိုင်း၊ မတ္တရာမြို့ရှိ စစ်ကောင်စီတပ်စခန်း ၈ ခုကို ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) နှင့်အတူ သိမ်းပိုက်နိုင်ခဲ့သည်ဟု ယနေ့မနက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ စစ်ဦးစီးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
“ကျွန်တော်တို့ စတင်စုဖွဲ့စဉ်ကတည်းက ပြင်ဆင်လေ့ကျင့်ခဲ့တာတွေက မန္တလေးတိုင်းအတွင်း ထိုးဖောက်ဝင်ရောက်နိုင်ရေးနဲ့ နယ်မြေတွေ သိမ်းပိုက်နိုင်ရေးအတွက်ပဲ ဖြစ်ပါတယ်။ ပြင်ဆင်ချိန်တော့ တော်တော်လေး ယူခဲ့ရပါတယ်” ဟု မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကိုပြောသည်။
မတ္တရာမြို့ရှိ စစ်ကောင်စီ၏ (၁၀၁၄) လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း၊ ဆည်တော်တပ်စခန်း၊ ပန်းသလဲတောင် တပ်စခန်း၊ ရေစိုတောင် တပ်စခန်း၊ နေကျော်တောင်တပ်စခန်း၊ ရွှေပုထိုးတပ်စခန်း ၊ ကျောက်ခလုတ် တပ်စခန်း နှင့် Alpha ဘိလပ်မြေစက်ရုံ၏ စိုးမိုးကုန်းဖြစ်သော မြေနီတောင်တပ်စခန်းများကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။
မတ္တရာစစ်ဆင်ရေးနယ်မြေတွင် စစ်လက်နက်မျိုးစုံ (၁၂၅) လက်နှင့် ဆက်စပ်ခဲယမ်းအများအပြားကိုပါ သိမ်းဆည်းရရှိ ထား စစ်သုံ့ပန်းများဖမ်းဆီးရမိ၍ လက်နက်ချအညံ့ခံသူ (၆၄)ဦး အရှင်ဖမ်းဆီးရမိခဲ့ကာ တပ်မိ သားစုဝင်များဖြစ်သည့် အမျိုးသမီး၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ စုစုပေါင်း (၁၁၇) ဦးခန့်ကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းထားသည်ဟု မန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
“လက်ရှိအကောင်းဆုံး ထိန်းချုပ်ထားပြီး ကျန်ရှိတဲ့ စစ်ရေးပစ်မှတ်တွေကို ဆက်လက်ထိုးစစ်ဆင်နေပါတယ်။ (ဖမ်းဆီး ရမိခဲ့သည့်သုံ့ပန်းများကို) သုံ့ပန်းဥပဒေအတိုင်းပဲ ကောင်းမွန်စွာ ထားထားပါတယ်” ဟု ၎င်းသတင်းနှင့် ပြန်ကြားရေး တာဝန်ခံကဆိုသည်။
လက်ရှိတွင် မတ္တရာမြို့နယ်အတွင်းမှာ စစ်ကောင်စီ၏ စခန်းအချို့ ကျန်ရှိနေပြီး စစ်ဆင်ရေးဖော်ဆောင်ရာတွင် မန်းပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့်အတူ ဒေသခံအဖွဲ့အစည်းဖြစ်သည့် မတ္တရာမျိုးမှန်တပ်ဖွဲ့သည်ပူးပေါင်းတိုက်ခိုက်လျက်ရှိဟု ယင်းအဖွဲ့ထံမှ သိရသည်။
မန်းပြည်သူ့ကာကွယ်ရေးတပ်မတော်သည် ရှမ်းမြောက်ရှိ နောင်ချို၊ မိုးကုတ်၊ ကျောက်မဲနှင့် မတ္တရာစစ်မျက်နှာများတွင် စစ်ဆင်ရေးများ ဆက်လက်ဖော်ဆောင်လျက်ရှိသည်။
ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)
****
Telegram- > https://t.me/ThanLwinKhetNews/4905
YouTube -> https://youtu.be/wUXdJYTpAwY?si=wEl68-owV0YdDt58
Website -> https://thanlwinkhet.net/?p=10653