ချင်းညီနောင်တပ်ဖွဲ့များ သိမ်းပိုက်ထားသည့် မတူပီတွင် ပြည်သူ့အုပ်ချုပ်ရေးစနစ် အကောင်ထည်မည်
******
စကားမောင်
ဇူလိုင် ၁၊ ၂၀၂၄။
ချင်းပြည်နယ်၊ မတူပီမြို့ကို ချင်းညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့ပြီးနောက် ပြည်သူ့အုပ်ချုပ် ရေးစနစ်ကိုသာ ဦးတည်လည်ပတ်သွားမည်ဟု ချင်းညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များထံက သိရသည်။
မတူပီမြို့ရှိ စစ်ကောင်စီတပ်ရင်းများဖြစ်သော အမှတ် ၃၀၄ ခြေမြန်တပ်ရင်း (ခမရ-၃၀၄)၊ အမှတ် ၁၄၀ ခြေလျင်တပ် ရင်း (ခလရ-၁၄၀) နှင့် ချင်းပြည်နယ်တောင်ပိုင်းရှိ စစ်ဗျူဟာစခန်းကို ပြီးခဲ့သည့် ဇွန်လ ၉ရက်မှ စတင်တိုက်ခိုက်ခဲ့ပြီး ရက် ၂၀ အကြာ ဇွန်လ ၂၉ ရက်၌ မတူပီမြို့ကို အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ထိုသို့သိမ်းပိုက်ပြီးနောက် ပြည်သူများရွေးချယ်ထားသော ကျေးရွာရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ တိုက်နယ်အုပ်ချုပ် ရေးမှူးအဖွဲ့များ စသည်တို့ကို ပြန်လည်စုစည်း၍ ပြည်သူ့အုပ်ချုပ်ရေးအတွက် ပိုမိုအားကောင်းစေရန်လုပ်ဆောင်သွား မည်ဟု ချင်းညီနောင်ပြန်ကြားရေးအဖွဲ့ဝင် အမျိုးသားတစ်ဦးကဆိုသည်။
“အခု ဒီမတူပီမြို့သိမ်းတိုက်ပွဲမှာ သူတို့ (ကျေးရွာရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ တိုက်နယ်အုပ်ချုပ်ရေးမှူးအဖွဲ့များ) ဘက် က လိုအပ်တဲ့ရိက္ခာ၊ ထောက်ပို့ ပြီးတော့ ဆေးပိုင်းတွေမှာရော၊ သွေးလှူတဲ့ပိုင်းတွေမှာကအစအများကြီး ကူညီထားတာ ရှိပါတယ်။ အုပ်ချုပ်ရေးက အရင်ကထဲက ပြည်သူ့အုပ်ချုပ်ရေးဆိုတာရှိပြီးသားပါ” ဟု ၎င်းကပြောသည်။
လက်ရှိအချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့်အချိန်၌ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် ဘာသာရေး အဆောက်အအုံများ၊ နေအိမ်များအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထောင်ထားခဲ့သော မြေမြုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော လက်နက်ကြီးကျည်စသည်တို့ကို ရှင်းလင်းရေးလုပ်ဆောင်နေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူအမျိုးသားတစ်ဦးကလည်း ပြည်သူအုပ်ချုပ်ရေးစနစ်သည် ပြည်သူများ၏ဆန္ဒသဘော ထားပါဝင်ခွင့်၊ ဆုံးဖြတ်ခွင့်များကိုဗဟိုပြုပြီး အမှန်တကယ် အကောင်အထည်ဖော်နိုင်လျှင် လူထုနှင့်နီးစပ်၍ကောင်း မွန်စွာလည်ပတ်နိုင်မည်ဟု ပြောသည်။
“ပြည်သူနဲ့အနီးဆုံးရှိတဲ့ ဒေသန္တရအစိုးရတွေ၊ ပြည်သူ့အုပ်ချုပ်ရေးကဏ္ဍမှာ အောက်ခြေကနေအထက်ကို အဆင့်ဆင့်သွားတဲ့ ဒီချဥ်းကပ်မှုနဲ့လုပ်တယ်ဆိုရင် ဒီလိုလုပ်ဆောင်မှုက အဲ့ဒီ့ဒေသတွေမှာ ပဋိပက္ခတွေလျော့ကျနိုင်ပြီးတော့ ပြည် သူရဲ့ပါဝင်ခွင့်၊ ဆုံးဖြတ်ခွင့် ဒီလိုမျိုး ဒီမိုကရေစီမှာ လိုအပ်တဲ့အခြေခံအချက်တွေပြည့်ဝပြီးတော့ လုပ်ကိုင်ရလွယ်ကူတဲ့ အခြေအနေရှိတယ်”ဟု ၎င်းကသုံးသပ်သည်။
ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်က ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့- မတူပီ တပ်မဟာ ၁ က မတူပီမြို့တွင်း စစ်ကောင်စီ၏ လေကြောင်းရန်၊ လက်နက်ကိုင်တပ်ဖွဲ့များအကြား ပဋိပက္ခများနှင့် ပြည်သူများနေထိုင်ရန် လုံခြုံမှုမရှိခြင်းတို့ကြောင့် ပြည်သူများအနေဖြင့် နောက်ထပ်ထုတ်ပြန်ချက် မထုတ်မီအချိန်ထိ မြို့တွင်းနှင့် မြို့အနီးအနားရှိ ကျေးရွာများတွင် ဝင် ရောက်နေထိုင်ခြင်းမပြုရန်ထုတ်ပြန်ထားသည်။
ချင်းညီနောင်တပ်ပေါင်းစုတွင် ZFU/PDF-Zoland၊ Chin National Organization (CNO/CDF) နှင့် Chin National Council (Mindat)/ CDF-Mindat၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)၊ ချင်းပြည်ကာကွယ်ရေးတပ်- တပ်မဟာ (၁)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့ဝင်တွင် အာရက္ခတပ်တော်- AA၊ Yaw Army (YA)၊ Yaw Defense Force (YDF) တို့ဖြစ်ကြသည်။
ဓာတ်ပုံ- Chinland Defense Force Matupi – Brigade 1
****
Telegram – > https://t.me/ThanLwinKhetNews/4904
YouTube -> https://youtu.be/wUXdJYTpAwY?si=wEl68-owV0YdDt58
Website -> https://thanlwinkhet.net/?p=10647