ကျောက်မဲမြို့ကို စစ်ကောင်စီလေကြောင်းဖြင့် ဗုံးကြဲ
*******
ယမင်းဖူးပွင့်အောင်
ဇူလိုင် ၁၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များမီးလောင်ပြီး ပြည်သူများလည်းထိခိုက်မှုရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ကျောက်မဲမြို့ One Love ဟိုတယ်အနီးကို ယမန်နေ့ည ၁၂ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူနေအိမ်များမီးလောင်ပျက်စီးခဲ့ရခြင်းဖြစ်သည်။
ကျောက်မဲမြို့ အမျိုးသမီးဒေသခံတစ်ဦးက “မနေ့ညက လေယာဉ်နဲ့ လာချသွားတာ။ အိမ်တွေမီးလောင်သွားတာ။ အိမ်လည်းထိ လူလည်းထိတယ်။ ဟိုတယ်ကတော့ ဒီတိုင်းပဲထိသွားရုံပဲ။ ဘေးက အိမ်တွေကတော့ တော်တော်ထိတယ်။ ”ဟုပြောသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ပြည်သူများထိခိုက်သေဆုံးမှုရှိပြီး အသေးစိတ်ကို သံလွင်ခက်က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ယနေ့နံနက်အစောပိုင်းကလည်း ပစ်ခတ်သံများကြားရသည်ဟု ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်မှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA မဟာမိတ်ပူးပေါင်းအဖွဲ့တို့ကြား တကျော့ပြန်တိုက်ပွဲများဖြစ်ပွားနေပြီး ကျောက်မဲမြို့ရှိ စစ်ကောင်စီစခန်းတချိူ့ကိုလည်း TNLA က သိမ်းပိုက်ထားသည်။