မြစ်ကြီးနားမြစ်ရေ စိုးရိမ်ရေမှတ် ကျော်လွန်ကာ ဒေသခံအချို့ ပိတ်မိနေ
******
ထွယ်
ဇူလိုင် ၁၊ ၂၀၂၄။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြစ်ရေသည် စိုးရိမ်ရေမှတ် ကျော်လွန်ကာ ရပ်ကွက်တချို့တွင်ဒေသခံအချို့လည်းပိတ်မိနေဟု ဒေသခံများထံက သိရသည်။
မြစ်ကြီးနားမြို့တွင် မလိခမြစ် နှင့် မေခမြစ် ရေကြီးရေလျှံသဖြင့် ယနေ့ ဇူလိုင် ၁ ရက် နံနက် ၆ နာရီခွဲခန့်တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ၄ ပေခန့် မြင့်တက်လျက် ရှိသည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဧရာဝတီမြစ်ရေသည် ဇွန်လ ၂၈ ရက် ညဦးပိုင်းမှ မြင့်တက်လျက်ရှိပြီး ဇွန်လ ၃၀ ရက်ည ၁၁ နာရီခန့်တွင် စိုးရိမ်ရေမှတ်ထက် ၂ ပေခွဲကျော် ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ဧရာဝတီမြစ်ကမ်းဘေး ရပ်ကွက်ဖြစ်သည့် စီတာပူရပ်ကွက်နှင့် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်အချို့ဖြစ်သည့် ရမ်ပူရပ်ကွက်၊ ခေမာသီရိ ရပ်ကွက်၊ လယ်ကုန်းရပ်ကွက်၊ မြို့သစ်ကြီးရပ်ကွက်နှင့် ကြက်ပေါင်ခြံရပ်ကွက်အပါအဝင် ဇီးလွန်ရပ်ကွက်တို့တွင် ယမန်နေ့ညကတည်းက မြစ်ရေ ဝင်ရောက်မှု ဖြစ်ပေါ်နေခြင်းဖြစ်သည်။
ထို့အပြင် အေးမြသာယာရပ်ကွက်တို့တွင် ယနေ့နံနက်အစောပိုင်းကတည်းက မြစ်ရေဝင်ရောက်မှု ဖြစ်ပေါ်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။
စီတာပူရပ်ကွက် – ၃ တွင် ယမန်နေ့ညနေ ၄ နာရီခန့်မှ လူနေအိမ်ဘက်သို့ မြစ်ရေကျော်လာပြီး ညအချိန်၌ မြစ်ရေသည် လူခန္ဓာကိုယ်၏ ဒူးခန့် ရောက်ရှိကာ ယနေ့နံနက်ပိုင်းတွင် ခါးထိ ရှိနေပြီဟု စီတာပူ ဒေသခံ အမျိုးသမီးတစ်ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “စီတာပူက ဧရာဝတီမြစ် တိုက်ရိုက်ဆိုတော့ ရေစီးအရမ်းကြမ်းတယ်၊ ရေတက်တာလည်း မြန်တယ်။ မိုးမရွာဘဲကို မြစ်ရေက တစ်ရိပ်ရိပ် တက်နေတာ၊ ကျွန်မ ဘတ်ထရီ ဆိုင်ကယ်တစ်စီးတောင် မရွှေ့လိုက်ရဘဲ မြုပ်သွားပြီ” ဟုပြောသည်။
ထို့ပြင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် အချို့ဒေသခံများသည် နေအိမ်တွင်း ပိတ်မိလျက်ရှိပြီး အကူညီများလည်း လိုအပ်လျက်ရှိသည်ဟု သိရသည်။
မြစ်ကြီးနားမြို့တွင် လျှပ်စစ်မီးများလည်း ပြတ်တောက်လျက်ရှိကာ အချို့ဖုန်းလိုင်းများလည်း ပြတ်တောက်နေပြီး ကယ်ဆယ်ရေးအသင်းများကို ဆက်သွယ်ရန်ပင် ခက်ခဲလျက်ရှိသည်ဟု အခြား ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
မြို့၏ စိုးရိမ်ရေအမှတ်သည် ၁၂၀၀ စင်တီမီတာ (၃၉ ပေနှင့် ၄ လက်မကျော်) ဖြစ်သော်လည်း ဇူလိုင်လ ၁ ရက်၊ ယနေ့နံနက် ၆ နာရီခွဲ တိုင်းတာချက်အရ လက်ရှိတွင် ၁၃၁၇ စင်တီမီတာ (၄၃ ပေနှင့် ၂ လက်မကျော်) သို့ ရောက်ရှိလျက်ရှိသည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။