မောင်ချေ။
အောက်တိုဘာ ၂၇၊ ၂၀၂၂။
စစ်ကောင်စီတပ်၏ ကုန်းကြောင်း ရေကြောင်း ပိတ်ဆို့မှုများကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နှင့် မင်းပြားမြို့နယ်ရှိ ဒေသခံများ စားနပ်ရိက္ခာ၊ ဆေးဝါးသယ်ယူခွင့်နှင့် သွားလာရေးတွင် အခက်အခဲများ ဖြစ်ပေါ်နေသည်ဟု ဒေသခံများက သံလွင်ခက်သတင်းဌာနကို ပြောသည်။
ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့အကြား တကျော့ပြန် တိုက်ပွဲများ ပြင်းထန်လာပြီးနောက် စစ်ကောင်စီက ယခုနှစ် သြဂုတ်လအတွင်းမှစ၍ ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ်များကို ကုန်းလမ်းနှင့် ရေလမ်း သွားလာခွင့် ကန့်သတ်ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
ထို့သို့ သွားလာခွင့် ကန့်သတ်ထားသည့်အတွက် အဆိုပါ မြို့နယ်များတွင် ကုန်စည်စီးဆင်းမှု ရပ်တန့်ကာ အခြေခံ စားသောက်ကုန်နှင့် ဆေးဝါးများ စျေးမြင့်တက်နေပြီး ပြတ်လပ်မှုများ ဖြစ်ပေါ်နေသည်ဟု ဒေသခံများထံမှ သိရသည်။
မောင်တောဒေသခံတစ်ဦးက “စစ်တွေသွားတဲ့ လမ်းတွေ၊ မောင်တောဘက်ကို သွားတဲ့ လမ်းတွေ ပိတ်ထားတော့ ကုန်ဈေးနှုန်းတွေက အရင်ကထက် ပိုတက်သွားတာပေါ့။ ဆေးတွေကလည်စ ဈေးနည်းနည်းတက်သွားတယ်။ လမ်းမဖွင့်တဲ့အတွက် အသည်းအသန် နေမကောင်းဖြစ်တဲ့ သူတွေဆိုရင် ရွာထဲမှာပဲ ဆုံးသွားတဲ့ သူတွေ ရှိတယ်။ စစ်ဖြစ်တာက ဖြစ်ကြပါ။ ဒါပေမယ့်လည်း အခုလိုမျိုး လမ်းတွေကို မပိတ်ပါနဲ့” ဟုဆိုသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ မြို့နယ်များကို စစ်ကောင်စီက စားနပ်ရိက္ခာ၊ ဆေးပစ္စည်း သယ်ယူခွင့်အပါအဝင် ခရီးသွားလာခွင့်များကိုပါ ပိတ်ပင်ထားသည်။ ထို့ပြင် အချို့ သွားလာခွင့်ပြုထားသည့် နေရာများတွင်လည်း စစ်ဆေးရေးဂိတ်များ အထပ်ထပ်ထားကာ စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်ဟု ဒေသများထံမှ သိရသည်။
အဆိုပါကန့်သတ်မှုများကြောင့် စားဝတ်နေရေးအတွက် လုပ်ငန်းခွင်များကို သွားရောက်ရန် အခက်အခဲရှိသည်ဟုလည်း မင်းပြား ဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “စပါးရိတ်ဖို့ လယ်ကွင်းကိုလည်း မဆင်းရဲဘူး။ ဆောင်းသီးနှံ စိုက်ဖို့လည်း မသွားရဘူး။ စစ်ကောင်စီတပ်တွေ အမြန်ဆုံးနောက်ဆုတ်သွားစေချင်ပါတယ်။ မဟုတ်ရင် သွားရေး လာရေးတွေက တော်တော်ကို အခက်အခဲ ရှိပါတယ်။ သူတို့ ဂိတ်တွေ မရှိမှ အဆင်ပြေမှာပါ။ အဲဒါမှ ပြည်သူတွေရဲ့ စီးပွားရေးတွေ၊ အလုပ်အကိုင်တွေက အဆင်ပြေလည်လာမှာ” ဟုဆိုသည်။
ထို့ပြင် စစ်ကောင်စီက ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်များအတွင်း အကူအညီပေးရေး လုပ်ငန်းများ ရပ်ဆိုင်းထားရန် လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းများကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်တွင် ညွှန်ကြားထားသည်ဟု ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုဖြစ်သည့် United Nation OCHA Myanmar (UNOCHA) က စက်တင်ဘာ ၂၁ တွင် ထုတ်ပြန်ထားသည်။
နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီပေးရေး လုပ်ငန်းများအပါအဝင် ပြည်သူများ ဒုက္ခရောက်စေမည့် ကန့်သတ်မှုများကို စစ်ကောင်စီအနေဖြင့် မလုပ်သင့်ဟု ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။
၎င်းက “နိုင်ငံရေးအရ သူတို့အနေနဲ့ အဖြေမရှာနိုင်တဲ့အခါ စစ်ရေးနဲ့ ဖြေရှင်းရမှာပဲ။ အဲဒါ ကျွန်တော်တို့ နားလည်တယ်။ အခုတော့ ဘာမှ မဆိုင်တဲ့ စားနပ်ရိက္ခာ၊ ဆေးပစ္စည်း၊ သွားရေးလာရေးကအစ အဲဒီလို ပိတ်ပင်ထားခြင်းကတော့ လုံးဝ မသင့်တော်ဘူး။ နောက်ဆုံး ဆေးတောင်မှ မကုနိုင်တဲ့ ဆေးပစ္စည်းပြတ်လပ်မှုတွေ၊ ပြည်သူတွေ သေကြေကြလိမ့်မယ်။ အဲဒီလိုမျိုးရည်ရွယ်ချက်ရှိရှိ မလုပ်သင့်ပါဘူး” ဟုဆိုသည်။
ကုန်းလမ်း၊ ရေလမ်း သွားလာခွင့်ကို ရေရှည် ကန့်သတ်ပိတ်ပင်ထားမည်ဆိုပါက စားနပ်ရိက္ခာနှင့် ဆေးပစ္စည်းများ ပြတ်လပ်ကာ အချိန်မှီ ဆေးကုသခွင့် မရသူများ အသက်ဆုံးရှုံးမှုဖြစ်မည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
ပုံစာ -မောင်တောမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးနေစဉ်