သံလွင်ခက်။
အောက်တိုဘာ ၂၈၊ ၂၀၂၂ ခုနှစ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် တောကြောင်ပေါက်ကျေးရွာရှိ ဒေသခံနှစ်ဦး လက်နက်ကြီးစ ထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက သံလွင်ခက်သတင်းဌာနကို ပြောသည်။
ယနေ့ အောက်တိုဘာ ၂၈ ရက် မနက် ၉နာရီဝန်းကျင်တွင် ကွင်းချောင်းဝ စစ်တောင်းတံတားထိပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ၆၀ မမ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်သည်။ထို့သို့ ပစ်ခတ်မှုကြောင့် တောကြောင်ပေါက်ကျေးရွာရှိ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
၎င်းက ” အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး ထိထားတယ်။ အမျိုးသားကတော့ မျက်စိကို လက်နက်ကြီးစ မှန်ထားတယ် ” ဟုဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းဖြစ်ပြီး ယခင်ညပိုင်း အချိန်များတွင်လည်း ပစ်ခတ်မှု ရှိသည်ဟု ဒေသခံများက ပြောသည်။
လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ဒေသခံတစ်ဦးက ” သူတို့က အခုမှမဟုတ်ဘူး ညစဉ်ပစ်နေတာ့ စပါးရိတ်သိမ်းတာတွေလည်း ရပ်ပြီး အကုန်ထွက်ပြေးနေရတယ် ” ဟုဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်တွင်လည်း ကျောက်ကြီးမြို့နယ် ဘောကထာ စစ်ကောင်စီတပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဘောကထာကျေးရွာအတွင်းသို့ RPG -7အမျိုးအစား ပခုံးထမ်းလောင်ချာဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံနှစ်ဦး သေဆုံးခဲ့ပြီး ၅ ဦးထိခိုက်ဒဏ်ရာရရရှိခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က အောက်တိုဘာ ၂ ရက်၌ ထုတ်ပြန်ထားသည်။