နန်းအိဖြူ
အောက်တိုဘာ ၂၇၊၂၀၂၂ ။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း လက်နက်ကြီး ထိမှန်မှုကြောင့် ဒေသခံပြည်သူ ၂ ဦးသေဆုံးပြီး ၁၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ယနေ့ အောက်တိုဘာလ ၂၇ရက်နေ့၊ နေ့လည် ၁၂ ကျော် အချိန်ခန့်က ကော့ကရိတ်မြို့နယ်ထဲသို့စစ်ကောင်စီ ၉၇ တပ်ရင်းမှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ကော့ကရိတ်ဒေသခံအမျိုးသမီးတစ်ဦးက သံလွင်ခက်ကိုပြောသည်။
၎င်းက“၁၂နာရီခွဲလောက်ကတည်းကလက်နက်ကြီးတွေနဲ့ပစ်နေတာ။အစ်မတို့လည်းရှောင်နေရတယ်။အစ်မတို့အပိုင်းကလူတွေအကုန်ပြေးကုန်ပြီ။လက်နက်ကြီးပေါက်ကွဲမှုကြောင့်၁၆ယောက်လောက် ထိခိုက်ဒဏ်ရာရတယ်။တစ်ချို့ကစိုးရိမ်ရတယ်။ကောင်လေးတစ်ယောက်ဆိုခြေထောက်ပြတ်သွားတယ်”ဟု ပြောသည်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၆ နှစ်အရွယ် ကလေးတစ်ဦး အပါအ၀င် ၁၆ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ဒေသခံပြည်သူ နှစ်ဦးထိခိုက်သေဆုံးခဲ့ သည် ဟု ဒေသအခြေစိုက် ကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူများကို ကော့ကရိတ် ဆေးရုံသို့ပို့ဆောင်ပေးနေပြီး စိုးရိမ်ရသူများလည်းပါဝင်သည် ဟု၎င်းကဆက်လက်ပြောသည်။
အောက်တိုဘာလ ၂၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့်KNLA နဲ့ပူးပေါင်းတပ်ဖွဲ့တို့၏ ကော့ကရိတ်မြို့တိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာဒေသခံပြည်သူ ၃ ဦးသေဆုံးပြီး ၁၀ ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။