ရှမ်းမြောက်တွင် စစ်ကောင်စီတပ်၏ လမ်းဖျက်ဆီးထားခြင်းကြောင့် ကုန်စည်စီးဆင်းမှုပြတ်တောက်
**********
ယမင်းဖူးပွင့်အောင်
ဇွန် ၁၄၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့ အဝင်လမ်းတချို့ကို စစ်ကောင်စီက ဖြတ်တောက်ထား မှုကြောင့် ကုန်စည်စီးဆင်းမှုများပြတ်တောက်လျက်ရှိသည်ဟု ရှမ်းမြောက်ဒေသခံများထံက သိရသည်။
ယမန်နေ့ ဇွန်လ ၁၃ ရက်တွင် လားရှိုးမြို့အဝင် ကားလမ်းမနေရာ သုံးခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြေတူးစက် ဖြင့် မြောင်းဖောက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ၏ အဆိုပါလုပ်ရပ်သည် PSLF/TNLA အုပ်ချုပ်သည့် နမ့်ဆန်နှင့် နမ္မတူမြို့တို့တွင် ကုန်စည်စီးဆင်းမှုနှင့် အများ ပြည်သူသွားလာမှုကို ကန့်သတ်ပိတ်ပင်လိုခြင်းဖြစ်ပြီး ဟိုင်ဂင်သဘောတူစာချုပ်ချိုးဖောက်ကာ ပြဿနာဖြစ် အောင် ဖော်ဆောင်နေသည့် လုပ်ရပ်ဖြစ်သည်ဟုလည်း ပြီးခဲ့သည့် ဇွန် ၁၂ ရက်က TNLA ထုတ်ပြန်ခဲ့သည်။
လားရှိုး – မိုင်းယော်သို့သွားသည့် ကောင်းဟုန်းရွာ၊ နမ့်ဖရွာနှင့် မန်နားရွာတို့ရှိ လမ်းများကို ဖျက်ဆီးခဲ့ခြင်းကြောင့် ကုန် စည်စီးဆင်းမှုများကြန့်ကြာကာ ကုန်ဈေးနှုန်းများမြင့်တက်နေသည်ဟု ကွတ်ခိုင်ဒေသခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။
၎င်းက “ကုန်ကားတွေ မဝင်တာ နှစ်ရက်ရှိပြီ။ ပြည်ထောင်စုလမ်းမကြီးကလည်း ၁၀၂၇ မတိုင်ခင်ကတည်းက ပိတ်ထား တာကြာပြီ။ အဓိက ကုန်စည်တွေ စီးဆင်းတဲ့လမ်းတွေကို ဘက်ဖိုးတွေနဲ့ အကုန်မြောင်းတွေတူးပစ်လိုက်တာ။ သိန္နီက ထွက်တဲ့ ရှမ်းဆန်ဆို ပုံမှန် တစ်သိန်းနှစ်သောင်းကနေ ဒီနေ့ တစ်သိန်းခုနှစ်သောင်းဖြစ်သွားပြီ။ မနေ့ကနဲ့ ဒီနေ့တောင် မတူဘူး”ဟုပြောသည်။
တောလမ်းနှင့် အခြားလမ်းကြောင်းများရှိသော်လည်း မိုးရာသီဖြစ်သဖြင့် လမ်းများပျက်စီးနေသည့်အတွက် သွားလာ ရန်ခက်ခဲသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
၎င်းက “ရှိတဲ့ကုန်စည်ကိုချက်ချင်းအရောင်းမထုတ်ပဲနဲ့ ဈေးတက်ချင်လို့ ကုန်သည်တွေဈေးကစားကြတာလည်းပါတာ ပေါ့။ တောလမ်းတွေက ကုန်ကားသွားလို့မရဘူး။ ဒီလိုမျိုး မိုးရာသီဆိုတော်တော်ဆိုးတယ်။ လေး-ဘီးကားတွေတောင်မှ တော်တော်ရုန်းရတယ်” ဟုဆိုသည်။
ထို့အပြင် ကွတ်ခိုင်မြို့အပါအဝင် လားရှိုးမြို့နှင့် မူဆယ်မြို့ကြားရှိ မြို့များအားလုံး ကုန်စည်စီးဆင်းမှုနှောင့်နှေးသွား သည်ဟု နမ့်ခမ်းဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
၎င်းက “ကုန်ကားတင်မဟုတ် ခရီးသွားကားတွေလည်းဖြတ်လို့မရတော့ဘူး။ လားရှိုး-မိုင်းယော်ကို မဖြတ်ခင်တုန်းက ဆို ရင်တော့ ဒီမိုင်းယော်ကနေ ကွမ်းလုံ-သိန္နီ သွားလို့ရတယ်။ သိန္နီရောက်ပြီဆိုရင်တော့ ကွတ်ခိုင်၊ မူဆယ်ဖြတ်လို့ရ တယ်ပေါ့။ အခုလမ်းတွေဖျက်ထားတော့ တခြားလမ်းရှာရမှာပေါ့”ဟုပြောသည်။
အလားတူ ပြီးခဲ့သည့် ဇွန်လ (၁၂)ရက်ကလည်း သီပေါမြို့နယ် ကွန်စံလိတ်ရွာအထက် သီပေါ – နမ္မတူလမ်းမကို စစ်ကောင်စီက မြေတူးစက်ဖြင့် မြောင်းဖောက်ဖျက်ဆီးခဲ့သေးသည်ဟု TNLA က ထုတ်ပြန်ထားသည်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား ရှမ်းမြောက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရှိထားသော်လည်း ယခုရက်ပိုင်းအတွင်း နှစ်ဖက်တပ်များအကြားစစ်ရေး ပြန်လည်တင်းမာလျက်ရှိနေသည်။
ပုံစာ-စစ်ကောင်စီဖျက်စီးခဲ့သည့် လားရှိုးမြို့အဝင် လမ်းပိုင်းတစ်နေရာ။
ဓာတ်ပုံ-PSLF/TNLA